မူဆယ်ကနေ တရုတ်နိုင်ငံထဲ ကားနဲ့ဆိုင်ကယ်တွေ ဝင်နိုင်ဖို့ မဲနှိုက်ရမယ်
စက်သုံးဆီကိုလည်း သတ်မှတ်ဂါလံအတိုင်း ရောင်းချမယ်
မဲခေါင်၊ နိုဝင်ဘာ ၂၈
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ် ဆင်ဖြူဂိတ်ကနေ တရုတ်ပြည်ထဲ ကားနဲ့ဆိုင်ကယ်တွေဝင်ဖို့ မဲစနစ်ကျင့်သုံးသွားမှာဖြစ်ပြီး စက်သုံးဆီကိုလည်းသတ်မှတ်ဂါလံအတိုင်း ရောင်းချပေးမယ်လို့မူဆယ်ဒေသခံတွေထံက သိရပါတယ်။
မူဆယ်ကိုစစ်ကောင်စီရဲ့တပ်မ(၉၉)ကထိန်းချုပ်ထားတာဖြစ်ပြီး တရုတ်ဘက်နဲ့ညှိနှိုင်းကာ စစ်ကောင်စီရဲ့ကုန်းလမ်းပို့ဆောင်းရေးဌာန(ကညန)မှာ မှတ်ပုံတင်ထားတဲ့လိုင်စင်ပါကားနဲ့ ဆိုင်ကယ်တွေကိုသာ လုပ်ဆောင်ပေးမှာလို့ သိရပါတယ်။
ဒီနေ့ (နိုဝင်ဘာ ၂၈) ရွှေသမင်ဂေါက်ကွင်းရှေ့က ကုန်သည်ကြီးများအသင်းရုံးမှာ စာရင်းပေးရမှာဖြစ်ပြီး စာရင်းပေးတဲ့ ယာဉ်တွေကို နိုဝင်ဘာ၂၉ရက် ညနေ ၄နာရီမှာ အများရှေ့မဲနှိုက်ကာ ဝင်ရောက်ရမယ့်ရက်ကို သတ်မှတ်ပေးမယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၃၀ရက်က စပြီးမဲနိုက်လို့ အလှည့်ကျတဲ့ မော်တော်ယာဉ်အစီး ၅၀နဲ့ ဆိုင်ကယ်အစီး၂၀၀ကို ဆင်ဖြူဂိတ်ကနေ ဝင်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။
“ နောက်ပိုင်းရက်တွေ ဘယ်လို အလှည့်ကျခွင့်ပြုမလဲ၊ ဆီကဘယ်လောက်ရမှာလဲ ဒီလိုကဘယ်လောက်အထိ လုပ်မှာလဲ ဘာမှမသိရသေးဘူး၊ ရိက္ခာနဲ့ စက်သုံးဆီရတော့ ကုန်စျေးနှုန်း နည်းနည်းခံသာတာပေါ့၊ မူဆယ်ကနေ နမ့်ခမ်းဘက်လို နေရာတွေ မထွက်ဖို့တွေ ပြင်းပြင်းထန်ထန် သတိပေးထားတယ်၊ တရုတ်ဘက်က လာစောင့်ကြည့်မယ်လို့တောင် ကြားတယ်”လို့ မူဆယ်ဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
စက်သုံးဆီကိုလည်း ကညနမှာတရားဝင်မှတ်ပုံတင်ထားတဲ့ ဌာနဆိုင်ရာယာဉ်နဲ့ကိုယ်ပိုင်ယာဉ်၊ ဆိုင်ကယ်၊ သုံးဘီးနဲ့ ကုန်တင် ဝန်ပေါ့ယာဉ်တွေ တရားဝင်ဘဏ်၊ ရုံးတွေကိုလည်း မီးစက်အတွက်သတ်မှတ်ဂါလံအတိုင်း ရောင်းချပေးမယ်လို့သိရပါတယ်။
နယ်စပ်ဂိတ်တွေ ပိတ်ထားတဲ့အထဲက စစ်ကောင်စီထိန်းချုပ်တဲ့ မူဆယ် ဆင်ဖြူဂိတ်ကနေ မူဆယ်နေသူတွေအတွက် မီးဖိုချောင်သုံးသီးနှံနဲ့အသား၊ငါးတွေဝယ်ယူ နိုင်ဖို့စည်းကမ်းချက်တွေနဲ့လာမယ့် ဒီဇင်ဘာ ၁ရက်က စပြီး ဝင်ထွက်ခွင့်ပေးဖို့ စစ်ကောင်စီနဲ့တရုတ်ဘက်တို့ညှိနှိုင်းလုပ်ဆောင်နေတာလို့ သိရပါတယ်။
CJ 012
#MekongNews








