စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ တန့်ယန်းမှာ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ
ရာဇဝတ်မှုတွေလည်း ပေါများလာ
မဲခေါင်၊ နိုဝင်ဘာ ၂၆
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့မှာ နိုဝင်ဘာလ ၂၅ရက်၊ မနက်ပိုင်းက နေအိမ်အတွင်းမှာရှိနေတဲ့ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
တန့်ယန်းမြို့၊ ရပ်ကွက် ၉မှာ နေထိုင်တဲ့ အားဆုန်း အသက် ၄၃နှစ်ကို ကားစီးလာတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သေနတ်နဲ့ ခြောက်ချက်ပစ်ခတ်ခဲ့တာကြောင့် ဆေးရုံကိုတင်ပို့နေစဉ်မှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ပစ်သွားတဲ့သူကတော့ ကားမောင်းပြီး ထွက်ပြေးသွားတယ်၊ ဒီမှာကတော့ ဒုစရိုက်မှုတွေက တဖြည်းဖြည်း ပိုဆိုးလာနေတယ်”လို့ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
သေနတ်နဲ့ ပစ်သတ်ထွက်ပြေးသွားသူကို စစ်ကောင်စီတပ်က ရှာဖွေဖမ်းဆီးဖို့လုပ်နေတယ်လို့ သိရပေမယ့် လက်ရှိအချိန်အထိတော့ ဖမ်းဆီးရမိတာမရှိသေးဘူးလို့သိရပါတယ်။
‘ဝ’ပြည် သွေးစည်းလုံးညီညွတ်ရေး တပ်မတော် (UWSA)၊ စစ်ကောင်စီတပ်နဲ့ သူ့ရဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေ ထိန်းချုပ်လှုပ်ရှားနေတဲ့ တန့်ယန်းမြို့နယ်မှာ ဒုစရိုက်မှုတွေ တဖြည်းဖြည်း ပိုဆိုးလာနေသလို ခိုးမှုတွေက နေ့စဉ်တိုင်းလိုလိုဖြစ်ပွားနေကာ တစ်ရက်ကို ဆိုင်ကယ်တစ်စီးထက်မနည်း ခိုးယူခံနေရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ရက်ကလည်း တန့်ယန်းမြို့မှာရှိတဲ့ ရွှေဆိုင်တစ်ဆိုင်ကို အမျိုးသားတစ်ဦးက သေနတ်နဲ့ ပစ်ခတ် ဓားပြတိုက်လို့ ဆိုင်ပိုင်ရှင်အမျိုးသားတစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ပစ်ခတ်သွားသူကို ဒီနေ့အထိ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့လည်း သိရပါတယ်။
ဓာတ်ပုံ-Local
CJ-003
#MekongNews








