မိုးဗြဲတပ်မှ အနီးဝန်းကျင်ကိုလက်နက်ကြီးနဲ့ ရမ်းထုနေ
မဲခေါင်၊ နိုဝင်ဘာ ၁၅
ပင်လောင်းဖက်ကနေ ဖယ်ခုံဖက်ကို ဆင်းလာတဲ့ စစ်ကား အစီး ၅၀ ခန့် မိုးဗြဲ ၄၂၂ တပ်နဲ့ ပူးပေါင်းမိပြီး နိုဝင်ဘာ ၁၂ရက်မှစတင်ကာ အနီးအနားပတ်ဝန်းကျင်တွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်တဲ့လက်နက်ကြီးကြောင့် အနီးဝန်းကျင်ဒေသခံတွေရဲ့ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုတော့ မဲခေါင်က ဆက်လက်စုံစမ်းနေဆဲပါ။
ဖယ်ခုံ ၄၂၁ တပ်ထဲကို ရိက္ခာ၊လူအင်အား၊ လက်နက်အင်အားသယ်လာတဲ့ စစ်ကားတွေက မိုးဗြဲ ၄၂၂ တပ်နဲ့ ပူးပေါင်းပြီး ကရင်နီပြည်ကို စစ်ကြောင်းထိုးဖို့ပြင်နေတယ်လို့ သတင်းအရင်းအမြစ်တွေကယူဆကြပါတယ်။
” ဒီတစ်ရက် နှစ်ရက် တောက်လျှောက်ထုနေတာ။ သူတို့စစ်ကြောင်းထိုးဖို့လုပ်နေတာနေမယ်၊ ဘယ်နေရာကို စစ်ကြောင်းထိုးမလဲ မပြောတတ်ဘူး “လို့ မြေပြင်သတင်းအရင်းအမြစ်ကပြောပါတယ်။
နိုဝင်ဘာလ ၁၂ ရက်မှာ ဖယ်ခုံအရှေ့ဖက်က လွယ်စေတီအနီးနားကို လက်နက်ကြီးပစ်ခတ်တာရှိပြီး ၁၃ ရက် ၁၄ ရက်တွေမှာလည်း ဒီးမော့ဆိုဖက်ကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံသတင်းအရင်းအမြစ်က ပြောပါတတယ်။
ဒီးမော့ဆိုမြို့နယ်ဖက်ကို လက်နက်ကြီးမထုတာ လချီကြာနေပြီး ခုရက်ပိုင်းအတွင်းမှ လက်နက်ကြီးထုသံတွေ ပြန်ကြားနေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမော့ဆိုစတဲ့နေရာတွေကို လက်နက်ကြီးနဲ့ ထုနေပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နိုင်တဲ့အတွက် စစ်ရှောင်ပြည်သူတွေ စစ်ရေးသတိရှိကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းတာတွေလည်းရှိနေပါတယ်။
ခုလက်ရှိအချိန်မှာ ဖယ်ခုံနဲ့ မိုးဗြဲ အနီးတဝိုက်မှာ စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်တွေနဲ့ တော်လှန်ရေး တပ်တွေကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာတွေရှိနေတယ်လို့ ကနဦးသိရပါတယ်။
နိုဝင်ဘာလထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် ပြည်သူ ခြောက်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိတာတွေ ရှိနေပါတယ်။
ဓါတ်ပုံ၊ google
CJ-004
#MekongNews
#မိုးဗြဲ၄၂၂တပ်
#အနီးဝန်းကျင်
#လက်နက်ကြီး
#ရမ်းသမ်းပစ်ခတ်
#စစ်ကားအစီး၅၀








