မဲခေါင်၊ နိုဝင်ဘာ ၆
ထိန်းချုပ်ထားတဲ့နယ်မြေတွေအတွင်း ပြည်တွင်းက တင်သွင်းလာတဲ့ကုန်ပစ္စည်းတွေအပေါ် အခွန်ကင်းလွတ် ခွင့်ပြုမယ်လို့ အောက်တိုဘာ ၅ရက်က TNLA က ကြေညာချက်ထုတ်ပြန်ပါတယ်။
ဒေသခံပြည်သူလူထုတွေရဲ့ အခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့ တအာင်းနယ်မြေတွေအတွင်း တင်သွင်းလာတဲ့ သွင်းကုန်တွေအပေါ် အခွန်ကင်းလွတ်ခွင့်ပြုလိုက်တယ်လို့ နိုဝင်ဘာ၅ရက် ညပိုင်းက TNLAရဲ့ အကောက်ခွန်ဌာနက ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါပေမယ့် တအာင်းနယ်မြေနဲ့တရုတ်ပြည်အကြား သွင်းကုန်/ပို့ကုန်ကုန်ပစ္စည်းတွေနဲ့ တအာင်းနယ်မြေကနေ မြန်မာပြည်(မန္တလေး) ကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေကိုအပေါ်မှာတော့ အခွန်ကောက်ခံသွားမယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
မြန်မာပြည်(မန္တလေး)က တအာင်းနယ်မြေတွေထံတင်သွင်းလာတဲ့ စားသောက်ကုန်ပစ္စည်းတွေ၊ စက်သုံးဆီအမျိုးမျိုး၊ အိမ်သုံးကုန်ပစ္စည်းတွေနဲ့ တအာင်းနယ်မြေ အချင်းချင်း ကူးသန်းရောင်းဝယ်မှုနဲ့ သွင်းကုန်/ပို့ကုန်အပေါ် အခွန်ကောက်ခံမှာ မဟုတ်ဘဲဒေသခံပြည်သူလူထုတွေအပေါ် အခွန်ကင်းလွတ်ခွင့်ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်ဟာ တရုတ်အစိုးရက နယ်စပ်ဂိတ်တွေကိုပိတ်ထားပြီး ဖြတ်၅ဖြတ်လုပ်ထားလို့ ရှမ်းမြောက်ဒေသခံပြည်သူတွေ အကြပ်အတည်းဖြစ်ပေါ်နေတာကို ဖြေလျော့ဖွင့်ထုတ်ပေးတဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးနည်းလမ်းတစ်ခုလို့ နိုင်ငံရေးသုံးသပ်သူတစ်ဦးက ထင်မြင်ချက်ပေးပါတယ်။
စစ်ကောင်စီကတော့ ရှမ်းပြည်မြောက်ပိုင်းကို တက်တဲ့လမ်းကြောင်းတွေမှာ လူ၊ ကုန်စည်အားလုံးကို ကြပ်တည်းစွာ ထိန်းချုပ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရပါတယ်။
MK – 012








