မဲခေါင်၊ နိုဝင်ဘာ ၄
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်သူက မူးယစ်ဆေးသုံးစွဲတဲ့ လူငယ်တွေကို လိုက်လံဖမ်းဆီးပြီး ငွေကြေးတောင်းခံနေတယ်လို့ နီးစပ်တဲ့ မိသားစုဝင်တွေက ပြောပါတယ်။
တန်ဆောင်တိုင်ပွဲတော် နီးကပ်လာတဲ့ ကာလမှာ စစ်ကောင်စီကို ရံပုံငွေ ရှာပေးဖို့အတွက် နေ့စဉ်နဲ့အမျှ ဖမ်းဆီးနေတာဖြစ်ပြီး ဖမ်းဆီးခံရသူရဲ့ မိသားစု စီးပွားရေး အခြေအနေပေါ်မူတည်ကာ အနည်းဆုံး တစ်ဦးကို ကျပ်ငါးသိန်းမှ ၁၀ သိန်းကြား ပေးဆောင်နေရတာပါ။
“ဆေးစွဲတဲ့လူငယ် ဖမ်းမယ်ဆိုရင် တစ်မြို့လုံးကုန်သွားမှာ၊တကယ်က ရောင်းတဲ့သူကို ဖမ်းရမှာ” လို့ ဌာနဆိုင်ရာနဲ့ နီးစပ်တဲ့ ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ လူငယ်ပေါင်း ၂၀ ကျော်ရှိပြီး လက်ရှိမှာလည်း ဆက်လက်ဖမ်းဆီးနေဆဲပါ၊ ဒါပေမယ့် ရောင်းချသူတွေကတော့ လစဉ်လိုင်းကြေး နဲ့အတူ မူးယစ်ဆေး သုံးစွဲသူမည်သူမည်ဝါဆိုတာမျိုး သတင်းပေးနေကြတာမို့ ဖမ်းဆီးမခံရဘူးလိုပြောပါတယ်။
“ရပ်ကွက်ရုံးနဲ့ ဆေးရောင်းတဲ့သူက ပေါင်းထားတာ၊ ဥပမာ ဒီရပ်ကွက်က မဟုတ်ဘူး။ မြို့ထဲက နည်းနည်း ချမ်းသာတဲ့ လူတွေ ဆေးလာဝယ်ရင် ရောင်းတဲ့သူက သတင်းကြိုပေးထားတယ်။ ပြီးရင် အဲဒီ ရောင်းတဲ့အိမ်လမ်းကနေ ထွက်လာတာနဲ့ တခါတည်း ဖမ်းချုပ်ပြီး ရပ်ကွက်ရုံးကို ခေါ်တာ၊ ဒါတွေက သန်းရွှေ လုပ်နေတာ” လို့ ရပ်ကွက်ရုံးနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလ ၂၂ ရက်ကလည်း ရပ်ကွက်ချင်းထိစပ်နေတဲ့ စိန်ပန်းရပ်ကွက်က စိုင်းမျိုးမင်းဆိုသူကို မူးယစ်ဆေး သုံးစွဲတယ်လို့ အကြောင်းပြကာ နယ်ကျော်ဖမ်းဆီးခဲ့ပြီး သိန်း ၅၀ နဲ့ ပြန်ထုတ်ခဲ့ရတယ်လို့ မဲခေါင်သတင်းဌာနက ဖော်ပြခဲ့ဖူးပါတယ်။
တောင်ကြီးမြို့မှာ လာမယ့် နိုဝင်ဘာ ၉ ရက်မှာ ကျင်းပမယ့် တန်ဆောင်တိုင်ပွဲအတွက် စစ်ကောင်စီက ဟိုတယ်လုပ်ငန်းရှင် တစ်ဦးကို ကျပ် သုံးသိန်း ရံပုံငွေကောက်ခံထားပြီး လိုင်စင်မဲ့ ယာဉ်တွေကိုလည်း တစ်ရက်ကို အစီးရေ ရာကျော်အထိ လိုက်လံရှာဖွေဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဓါတ်ပုံ။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ
MK-014








