မဲခေါင်၊ အောက်တိုဘာ ၂၁
ရှမ်းတောင်၊ ရပ်စောက်မြို့နယ်၊ ရေဖြူကျေးရွာက ရွာသား တစ်ဦး အောက်တိုဘာ ၁၉ရက်၊ နေ့လယ် ၁၂ နာရီခန့်မှာ ဝါးခုတ်ရာက မိုင်းနင်းမိလို့ ခြေထောက်ပြတ် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ရေဖြူရွာက ဦးဇော်ဝင်း ၄၅နှစ်ဟာ ကောက်ညှင်းကျည်တောက် ပြုလုပ်ရန် အတွက် ဝါးခုတ်ရာက ငှက်ပျော(ဂ)ရွာသွားလမ်းအနီးမှာ မိုင်းနင်းမိလို့ ခြေထောက်ပြတ်သွားတာလို့ သိရပါတယ်။
မိုင်းပေါက်ကွဲလို့ ညာဘက်ခြေထောက်ပြတ်သွားတာကို စစ်စံထွန်းဆေးရုံကို အမြန်ပို့ဆောင်ခဲ့တယ်လို့ SSPP info မှာ ဖော်ပြထားပါတယ်။
ရေဖြူရွာမှာ မိုင်းဒဏ်ကြောင့် ကျွဲနွားတိရိစ္ဆာန်တွေ မကြာခဏ သေဆုံးဒဏ်ရာရတာတွေ ရှိနေရာက ခုလို လူတွေပါ ထိခိုက်ဒဏ်ရာရလာနေတာကြောင့် လူနေပတ်ဝန်းကျင်တွေမှာ အန္တရာယ်မိုင်းတွေ မထောင်ဖို့ ဒေသခံတွေက မေတ္တာရပ်ခံနေကြတယ်လို့ သိရပါတယ်။
လက်ရှိ ရပ်စောက်၊ ဟိုပုန်းနယ်တွေမှာ ရှမ်းလက်နက်ကိုင်တွေလှုပ်ရှားနေကာ မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေသလို မိုင်းထောက်တိုက်ခိုက်မှုတွေ ရှိနေတာဖြစ်ကြောင်း ဒေသသတင်းတွေအရ သိရပါတယ်။
MK-012








