မဲခေါင်၊ အောက်တိုဘာ ၁၆
ကယား(ကရင်နီ)မှာ ဘိန်းအစားထိုး စိုက်ပျိုးတဲ့ လက်ဖက်တွေ ဈေးကောင်းမရတာကြောင့် လက်ရှိကုန်ဈေးနှုန်း အခြေအနေအရ ဝင်ငွေလျော့နည်းလာတယ်လို့ တောင်သူတွေက ပြောပါတယ်။
ကရင်နီမှာ လက်ဖက်စိုက်ပျိုးမှု မတွင်ကျယ်သေးသလို ရာသီဥတုနဲ့ လမ်းကြောင်းအခြေအနေတွေလည်း ဖြန့်ချီဖို့ အခက်အခဲရှိတာကြောင့် ဈေးကောင်းမရသေးတာလို့ ဆိုပါတယ်။
“အရင်က ဘိန်းစိုက်တယ်။ အခု တော်လှန်ရေးအဖွဲ့တွေက စားဝတ်နေရေးနဲ့ဆိုတော့ စိုက်တော့စိုက်ကြ အများကြီးတော့ မစိုက်ဖို့ပြောတယ်။ လက်ဖက်နဲ့ ဘိန်းနဲ့တော့ ရောစိုက်တာပေါ့။ ဈေးကွက် အာမခံချက်ရဖို့ကတော့ အားလုံးဝိုင်းလုပ်ရမယ်” လို့ စိုက်ပျိုးတောင်သူ တစ်ဦးက ပြောပါတယ်။
ကရင်နီပြည်မှာ နည်းပညာလိုအပ်ချက်အရ လက်ဖက်ခြောက်ကိုသာ ထုတ်လုပ်နိုင်ပြီး လက်ဖက်အစို မရောင်းချနိုင်သေးတာကြောင့် စိုက်ပျိုးတောင်သူတွေအတွက် တွက်ချေမကိုက် ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်တွေက လက်ဖက်ခြောက်တစ်ပိဿာ ၂ သောင်းခွဲကျပ်အထိ ရရှိခဲ့ပေမယ့် ဒီနှစ် (၂၀၂၄) စိုက်ပျိုးသူတွေအတွက် ၁၈,၀၀၀ ကျပ်အထိသာ အများဆုံးရရှိတယ်လို့ ဆိုပါတယ်။
“ရွှေတစ်ကျပ် ၆ သိန်းခေတ်မှာ ဘိန်းတစ်ပိဿာက ၁၀ သိန်း။ အခုရွှေတစ်ကျပ် သိန်း ၄၀ ကျော်တော့လည်း ဒီဈေးပဲဆိုတော့ မကိုက်တော့လို့ ပြောင်းစိုက်ကြည့်ကြည့်တာ။ သိပ်တော့ မကွာဘူး။ နောက်ပိုင်းတွင်ကျယ်လာရင်တော့ Green Tea တို့ Black Tea တို့ စိုက်ကြရင် အဆင်ပြေလာမှာပါ” လို့ စိုက်ပျိုးတောင်သူ တစ်ဦးက သုံးသပ်ပါတယ်။
လက်ဖက်ပင်ကို ၃ နှစ်သားအရွယ်မှာ စတင်ခူးဆွတ်နိုင်ပြီး တစ်ဧကမှာ တစ်ပတ်ကို ၄ ပိဿာနှုန်းအထိ ထွက်ရှိတယ်လို့ စိုက်ပျိုးတောင်သူတွေဆီက သိရပါတယ်။
လက်ဖက်ကို ရှမ်းပြည်နယ်မှာ အများဆုံးစိုက်ပျိုးကြတဲ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ လူနည်းစုက ဘိန်းအစားထိုး စိုက်ပျိုးကြပြီး ပြည်ပနိုင်ငံတွေကို တင်ပို့ကြတယ်လို့ စိုက်ပျိုးတောင်သူတွေက ပြောပါတယ်။
MK-014









