မဲခေါင်၊ အောက်တိုဘာ ၁၄
ရှမ်းပြည်တောင်ပိုင်းက ထွက်ရှိတဲ့ ဘိန်းအဆီတွေဟာ ဈေးကောင်းရနေပေမယ့် ရာသီဥတု ပြောင်းလဲမှုဒဏ်ကြောင့် အထွက်နှုန်းလျော့ကျလာတယ်လို့ စိုက်ပျိုးတောင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်တွေက ဘိန်းအဆီ တစ်ပိဿာကို ၇ သိန်းကျပ်ဝန်းကျင်သာ ပေါက်ဈေး ရှိခဲ့ပေမယ့် ၂၀၂၄ ခုနှစ်အတွင်းမှာတော့ ၁၀ သိန်းကျပ်ကျော်အထိ ဈေးကောင်း ရရှိနေတာပဲ ဖြစ်ပါတယ်။
“စိုက်တဲ့သူလည်း နည်းတယ်လေ ဒီနှစ်က။ တိုက်ပွဲနဲ့ ပစ်လိုက် ခတ်လိုက်ဆိုတော့ သိပ်ပြီး မပြုစုနိုင်ကြဘူး။ ပြေးနေရတာကော။ အကုန်လုံး မကိုက်ကြဘူး” လို့ ပင်လောင်းဒေသ ဘိန်းစိုက်ပျိုးသူတွေနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
အရင်နှစ်က ဘိန်းခင်း တစ်ဧကမှာ ဘိန်းအဆီ ၃ ပိဿာခန့် ထွက်ရှိပေမယ့် ဒီနှစ်တွင်းမှာ မိုးရက်ဆက်ရွာသွန်းမှုတွေကြောင့် တစ်ဧက တစ်ပိဿာကျော်လောက်သာ ထွက်ရှိတဲ့အပြင် ဓါတ်မြေဩဇာနဲ့ စိုက်ပျိုးစရိတ် ကြီးမြင့်လာတာတွေကြောင့်လည်း အမြတ်နည်းကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီနှစ်အတွင်း တိုက်ပွဲအခြေနေတွေကြောင့် နယ်စပ်ဘိန်းကုန်သည်တွေဘက်ကလည်း အဝယ်ရပ်ထားပြီး ပြည်တွင်းဈေးကွက်မှာလည်း လမ်းကြောင်းတွေ တင်းကြပ်လာတာကြောင့် ဖြန့်ချီဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။
“ဒီနှစ်တောင် တခြားအလုပ် ပြောင်းလုပ်နေကြတာ။ နောက်နှစ်ဆို စိုက်တဲ့သူတောင် ရှိတော့မှာ မဟုတ်ဘူး။ အရင်က ဘိန်းစိုက်တာ မြတ်တယ်၊ အခုက ကုန်ဈေးနှုန်းနဲ့ ဘော်ဒါကြေး ပေးရတာနဲ့ မကိုက်ဘူး” လို့ ဘိန်းကုန်သည် အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ဘိန်းစိုက်ခင်းတွေဟာ ထွန်ယက်စရာ မလိုတဲ့အပြင် အချိန်တိုတိုအတွင်း ဝင်ငွေအမြောက်အမြား ရရှိတာကြောင့် ရှမ်းပြည်နယ်အတွင်းမှာ အများဆုံး စိုက်ပျိုးကြပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်းမြို့နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းတို့မှာ ဘိန်းစိုက်ခင်းဧက တစ်သိန်းကျော်အထိ စိုက်ပျိုးကြပြီး အခွန်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်၊ စစ်ကောင်စီနဲ့ သူတို့ လက်အောက်ခံ ရဲ၊ ပြည်သူ့စစ်တို့ကို ပေးဆောင်ရတယ်လို့ စုံစမ်း သိရပါတယ်။
MK-014










