မဲခေါင်၊ အောက်တိုဘာ ၁၄
PNLO ရဲ့ ဦးဆောင်နာယက တာဝန်ယူထားတဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အောက်တိုဘာ ၉ ရက်စွဲနဲ့ PNLO-NCA-S ကို ဖွဲ့စည်းခဲ့လို့ ယင်းအဖွဲ့ဟာ PNLO ရဲ့အခြေခံမူနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီလို့ ကန့်ကွက်တာအပြင် တရားမဝင်ဘူးလို့ PNLO ရဲ့ တနေ့ အောက်တိုဘာ ၁၂ ရက်စွဲပါ ထုတ်ပြန်ချက် (၀၄/၂၀၂၄) အရ သိရပါတယ်။
ယင်းထုတ်ပြန်ချက်ကို အောက်တိုဘာ ၁၁/၁၂ ရက်များမှာ ကျင်းပခဲ့တဲ့ဗဟိုကော်မတီ နဲ့တပ်မှူးများ တတိယအကြိမ်သက်တမ်း အရေးပေါ်အစည်းအဝေးကနေ ထုတ်ပြန်ခဲ့တာပါ။
ဗိုလ်မှူးကြီးခွန်ဥက္ကာဟာ စက်တင်ဘာ ၁၅ ရက်မှာ PNLO က နှုတ်ထွက်ကြောင်း စာထုတ်ကြေညာသလို တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) နဲ့ (၂) ဖြစ်တဲ့ ဗိုလ်မှူးခွန်မင်းသိမ်းနဲ့ နန်းယဥ်ယဥ်စိုးတို့ကလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်က ကျင်းပတဲ့ PNLO ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထူးအစည်းအဝေးမှာ အဖွဲ့ကနှုတ်ထွက်ကြောင်း တင်ပြခဲ့တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ယင်းသို့ နှုတ်ထွက်မှုတွေကို ခွင့်ပြုချက်မပေးမီ အောက်တိုဘာ၉ရက်မှာ PNLO-NCA-S ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့တာဟာ PNLO အမည်ကို အလွဲသုံးစားလုပ်ပြီး အခြေခံမူနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာဖြစ်လို့ ၎င်းတို့ ၃ ဦးရဲ့ ရာထူးတာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ရုပ်သိမ်းပြီး အဖွဲ့ကထုတ်ပယ်တယ်လို့ ဖော်ပြထားပါတယ်။
နောင်ကျင်းပမယ့် စတုတ္ထအကြိမ် ညီလာခံမှာ အယူခံခွင့်ရှိတယ်လို့ပါရှိပါတယ်။
MK-012









