မဲခေါင်၊ အောက်တိုဘာ ၉
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်မှာ မဟာဓာတ်အားလိုင်း ပြတ်တောက်ကာ လျှပ်စစ်မီးမရလို့ စပါးကြိတ်ခွဲစက်တွေ ရပ်ထားရပြီး ဆန်ကြိတ်လိုသူတွေ အခက်တွေ့နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ရေဘေးမှာ မဟာဓာတ်အားလိုင်းတိုင် ၄ တိုင်ကနေ ၈တိုင်အထိ လဲကျပျက်စီးခဲ့တာအပြင် မီးကြိုးတွေပြတ်ကုန်လို့ လျှပ်စစ်မီးပျက်နေတာဖြစ်ပြီး တစ်လကြာသည်အထိ ပြုပြင်နိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
မြို့ပေါ် ရပ်ကွက် ၄ရပ်ကွက်မှာရှိတဲ့ လျှပ်စစ်အားသုံး ၁၅တန်ကျဆန်စက် ၅ လုံးလုံး ရပ်တန့်နေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုက အကိုတစ်ယောက်က နမ့်တိန်းမှာလုပ်ထားတဲ့ ဒီဇယ်မောင်းဆန်စက်မှာ တစ်မြို့လုံးပုံနေတယ်။ အဲစက်ရှိလို့ တော်သေးတယ်။ နားလောက ၅ပုံလဲ ပြန်လည်နေပြီ။ ကြိတ်ခွဲကတော့ စျေးမတက်ဘူး။ အရင်ကလိုကျပ် ၂ထောင်ပဲ”လို့ သူကပြောပါတယ်။
မိုင်းပန်ရဲ့ဓလေ့မှာ စပါးကိုသိုလှောင်ထားပြီး ရောင်းခါနီး၊ စားခါနီးမှ ဆန်ကိုကြိတ်ခွဲကြတာဖြစ်လို့ ခုလို စုပုံနေရတာလို့ သိရပါတယ်။
လက်ရှိမြို့ပေါ်က စပါးစက်ကြီးတွေရပ်နားထားလို့ အရင်က မသုံးတော့ဘဲရပ်ထားတဲ့ ၅ပုံကျောက်စက်တွေ၊ လူအား၊ ရေအားနဲ့ထောင်းတဲ့ မောင်းထောင်းဆုံတွေ ပြန်အလုပ်ဖြစ်လာနေတာလို့ ဒေသခံတွေက ဆိုပါတယ်။
မိုင်းပန်မြို့ဟာ စပါးနဲ့ကြက်သွန်ဖြူကို စီးပွားဖြစ် အဓိက စိုက်ပျိုးတဲ့မြို့ဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ရက်နေ့ တစ်မြို့နယ်လုံးရေဘေးသင့်ခဲ့ရာမှာ လယ်ဧက၃ထောင်ကျော်အနက် ဧက၈၀၀ ကျော် ရေနစ်မြုပ်ခဲ့ရသလို ကြက်သွန်ဖြူပိဿာချိန် သိန်းချီပျက်စီးခဲ့ရလို့ တောင်သူလယ်သမားတွေ အခက်အခဲများစွာကြုံတွေ့နေတယ်လို့ သိရပါတယ်။
MK – 012








