မဲခေါင်၊ အောက်တိုဘာ ၃
ကယား(ကရင်နီ)ပြည်မှာ ရေကြီးရေလျှံမှုကြောင့် ကုန်ဈေးနှုန်း နှစ်ဆခန့်တက်လာပြီး စစ်ဘေးရှောင်တွေက ထမင်းလျှော့စားနေရတယ်လို့ ကူညီထောက်ပံ့ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
ကရင်နီပြည် ဝင်တဲ့လမ်းတိုင်းမှာ စက်တင်ဘာလ ၁၁ ရက်နေ့ဝန်းကျင်ကတည်းက ရေကြီးရေလျှံ ဖြစ်နေသလို စစ်ကောင်စီဖက်ကလည်း ကုန်ပစ္စည်းတွေ သယ်ယူခွင့် ပိတ်ပင်ထားတာကြောင့် ကုန်ဈေးနှုန်းတက်လာရတာပဲ ဖြစ်ပါတယ်။
“ဝေဠုကျော်ရော၊ မခိုင်နှင်းဝေရော မလာဘူး။ ကျနော်တို့ ဒေသခံအဖွဲ့တွေပဲ ရှိကြတယ်။ Clean Yangon တို့ပေါ့။ သူတို့လည်း ဒေသခံတွေလို ဖြစ်နေပါပြီ။ ဘယ်အလှူရှင်မှ မလာရဲပါဘူး။ မိုးကာဆို ဈေးကြီးလို့ မလှူနိုင်ဘူး” လို့ JFK ထောာက်ပံ့ကူညီရေးအဖွဲ့ရဲ့ တာဝန်ခံတစ်ဦးက ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်၊ ချယ်ရီကုန်းမှာ ရောင်းချနေတဲ့ ဈေးနှုန်းအရ ဆန်တစ်အိတ်ကို ၈ သောင်းဝန်းကျင်ကနေ တစ်သိန်းခွဲကျပ်၊ စားအုန်းဆီ တစ်ပိဿာကို ၂ သောင်းကျပ်ကနေ ၃ သောင်းကျပ်နီးပါး၊ ကြက်သွန်နီ တစ်ပိဿာ ၃,၅၀၀ ကျပ်ကနေ ၅ ထောင်ကျပ်နီးပါး၊ ကြက်သွန်ဖြူ တစ်ပိဿာ တစ်သောင်းခွဲကျပ်ဝန်းကျင်ကနေ ၂ သောင်းကျော် စတဲ့နှုန်းထားတွေအထိ မြင့်တက်လာပြီး ကြက်ဥလည်း ပြတ်လပ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ဘေးရှောင်စခန်းတွေ ဆောက်လုပ်ဖို့ အဓိက လိုအပ်တဲ့ မိုးကာဟာလည်း ၂၄ ပေပတ်လည်ကို ၁၆၀,၀၀၀ ကျပ်ကနေ ၂ သိန်းနီးပါးအထိ ဈေးမြင့်တက်လာပြီး ဝါးလုံး၊ သွပ်၊ သစ် စတဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေလည်း ဈေးတက်နေတာကြောင့် စခန်းပြောင်းရွှေ့ရေး အတွက်လည်း ခက်ခဲနေတယ်လို့ ဆိုပါတယ်။
“ထိုင်းဖက်ကိုပဲ အားကိုးနေရတယ်။ အလှူရှင်တွေပါလာတဲ့ ပစ္စည်းတွေနဲ့ ပြန်ရောင်းဖို့ သယ်လာတဲ့လူတွေကို စစ်တပ်က ဘယ်လောက်ဘယ်လောက်ဆိုပြီး ထပ်ကောက်တယ်” လို့ စစ်ဘေးရှောင် သတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။
ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်က စစ်ကောင်စီတပ်ဝင်းနဲ့ နီးစပ်သူတွေကသာ ထောက်ပံ့မှုရရှိပြီး ရေကြီးရေလျှံဖြစ်နေတဲ့ ရပ်ကွက်တွေအပါအဝင် ဒီးမော့ဆိုမြို့နယ်နဲ့ ရှမ်းတောင်အစပ်၊ ဖယ်ခုံမြို့နယ်က ရေဘေးဒုက္ခတွေဟာ ထောက်ပံ့မှု မရရှိကြဘူးလို့ ဆိုပါတယ်။
အဲဒီဒေသတွေမှာ ကုန်ဈေးနှုန်းလည်း ကြီးမြင့်နေတာကြောင့် စစ်ဘေးရှောင်တွေ စားဝတ်နေရေးအတွက် ဒေသတွင်း အဖွဲ့အစည်းတွေဖြစ်တဲ့ JFK, Dove KK, Clean Yangon, ထွန်းမြန်မာ တို့ကိုသာ အားကိုးနေရပြီး တခြားအလှူရှင်တွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။
MK-014








