မဲခေါင်၊ အောက်တိုဘာ ၂
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမှာ စစ်ကောင်စီဟာ အောက်တိုဘာ ၁ ရက်နေ့ကစပြီး သန်းခေါင်စာရင်း စတင်ကောက်ယူနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့ ည၁၂ နာရီ သန်းခေါင်အချိန်မှာရှိတဲ့ လူဦးရေအတိုင်းကောက်ခံတာလို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
“အိမ်ထောင်စုစာရင်းပါတဲ့ အတိုင်းမဟုတ်ဘူး။ ရှိတဲ့လူအတိုင်းယူတယ်၊ အိမ်၊ အိမ်သာနဲ့ထမင်း၊ ဟင်းဘာနဲ့ချက်လဲမေးတယ်၊ အသက်တွေ မေးတယ်၊ ပွိုင့်အလိုက်ကောက်ရတာလို့ ပြောတာပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မကောက်ခင် လာရမယ့် ပုံစံပို့ပြီး စာရင်းကောက်ယူပြီးနောက်တော့ အိမ်ရှေ့မျက်နှာစာမှာ စာရင်းကောက်ပြီးကြောင်းပုံစံကပ်သွားတယ်လို့ သိရပါတယ်။
စာရင်းကောက်ပွိုင့်တာဝန်ခံ တစ်ဦးစီမှာ Notebook ၁လုံးစီနဲ့ Data တွေကို ထည့်သွင်းပြီး ပေးပို့ရကာရုံးချုပ်ရဲ့ ပုံစံပြ မြေပုံမှာ ကောက်ပြီးတဲ့နေရာတွေကို အစိမ်းရောင်နဲ့ဖော်ပြပြီး မကောက်ရသေးတဲ့နေရာတွေကို အနီရောင်နဲ့ပြတယ်လို့စာရင်းလာကောက်သူ တစ်ဦးက ပြောကြောင်းသိရပါတယ်။
ကောက်ယူတဲ့အိမ်တွေကို မှတ်တမ်းရိုက်ယူပြီး ပွိုင့်တွေမထပ်အောင်မှတ်သားတာလို့ပြောတယ်လို့ သိရပါတယ်။
လာကောက်သူတွေဟာ ပညာရေး၊ ထွေအုပ်ဆယ်အိမ်မှူးနဲ့ မြို့လုံခြုံရေးတွေ ပါဝင်တယ်လို့ သိရပါတယ်။
မဲစာရင်းအကြောင်းပြ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ လက်ရှိစစ်ရေး၊ နိုင်ငံရေးမျက်နှာစာတွေမှာ အဖတ်ဆယ်မရအောင် ရှူံးနိမ့်နေတာကို တရုတ်အစိုးရရဲ့အားပေးမှုနဲ့ ထွက်ပေါက်အဖြစ် အသုံးချဖို့ ရွေးကောက်ပွဲလုပ်ရာမှာ ယခုကောက်တဲ့ သန်းခေါင်စာရင်းနဲ့လုပ်မယ်လို့ ကြေညာထားတာပါ။
မြန်မာနိုင်ငံရှိ မြို့နယ် ၃၃၀ မှာ မြို့ ၈၀ ကျော်ကို တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားသလိုအခြား မြို့ နယ်ပေါင်း ၁၀၀ ကျော်မှာလည်းရွေးကောက်ပွဲ လုပ်နိုင်စွမ်းမရှိနိုင်ဘူးလို့ စစ်ရေး၊ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်က သန်းခေါင် စာရင်း ကောက်ခံရာမှာ မိုင်းတုံမြို့နယ်မှာ လူဦးရေ ၂၁၉၉၄ ဦးရှိခဲ့တယ်လို့ ၂၀၁၇ ခုနှစ်၊ မေလထုတ်အစီရင်ခံစာမှာ ပါရှိပါတယ်။
MK-012








