မဲခေါင်၊ အောက်တိုဘာ ၂
ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်နဲ့ ပင်လုံက ကျေးရွာတချို့ ရေဘေးကြောင့် လူသေဆုံးမှု၊ ထိခိုက်ပျက်စီးမှုတွေ များပြားခဲ့ပေမယ့် ဒေသတွင်းအလှူရှင် အနည်းငယ်သာရှိခဲ့ပြီး ပြန်လည်ထူထောင်ရေးအတွက် လုံလောက်တဲ့ကူပံ့မှုတွေ မရှိကြသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ရေကြီးမြေပြိုတာတွေ ကြုံခဲ့ပြီး နေအိမ်တွေပျက်စီးခဲ့ရတဲ့ ပင်လုံမြို့နယ်က တောင်ပေါ် ဒေသဖြစ်တဲ့ ဆဟောင်း(ကောင်တွို့) ကျေး ရွာအုပ်စု၊ နောင်တောင်ရွာ၊ ဝါရေးရွာ၊ ပူးတန်ရွာ၊ ထမ်းဖူရွာ၊ ဟိန်ဒုံရွာ၊ ပင်ခေးရွာတွေဟာ လမ်းဆက်သွယ်ရေးခက်ခဲလို့ အလှူရှင် မလာသေးသလို မည်သည့်အကူအညီမှ မရသေးဘူးလို့ ပင်လုံမြို့ခံတစ်ဦးက ပြောပါတယ်။
အလားတူ လွိုင်လင်မြို့နယ် ခေါင်းနွဲ့ကျေး ရွာအုပ်စုက အိမ်ခတ်ရွာ၊ နောင်နိန်းရွာ၊ နောင်ဆိုင်ရွာ စတဲ့ ကျေးရွာတွေမှာ တောင်ကျရေကြောင့် မြေပြိုပြီး စာသင်ကျောင်းနဲ့ နေအိမ် ၈၀ လုံး ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။
“ခုထိတော့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရတယ်၊ အိမ်တွေပြန်ဆောက်ဖို့ကမလွယ်ကြပေဘူး၊ တချို့ဆို ဘာမှမရှိတော့ဘူး၊ အိမ်နေအဝတ်အစားနဲ့ပဲနေကြရတာ၊ ခုက နည်းနည်းပဲလာလှူနိုင်တာပါ၊သူတို့အတွက် အရာအားလုံးလိုအပ်နေတာပါ” လို့ လွိုင်လင် ရွှေဂူကျောင်းရောက် ဒေသအလှူရှင် တစ်ဦးက မဲခေါင်ကို ပြောပါတယ်။
လက်ရှိအချိန်မှာလွိုင်လင်မြို့ ရွှေဂူကျောင်း၊ အနောက်ကျောင်းတွေမှာ ရေဘေးဒုက္ခသည် ၂၀၀ ကျော်ရှိနေသလို ပင်လုံမြို့ က ဘုန်းကြီးကျောင်းတွေမှာလည်း ၁၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။
ဒေသတွင်းအလှူရှင်တွေ လာရောက်လှူဒါန်းထောက်ပံ့မှုတွေ ရှိနေပေမယ့်ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် ကူညီထောက်ပံ့မှုတွေ အများကြီးလိုအပ်နေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုင်ဖွန်းရာဂီ မုန်တိုင်းကြောင့် ရှမ်းတောင်က မြို့နဲ့ကျေးရွာတွေမှာ လူ ၁၄၀ ဦး သေဆုံးခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်း အရုံး PYO က စက်တင်ဘာလ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
MK-012














