မဲခေါင်၊ အောက်တိုဘာ ၂
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့မှာ မနေ့ (အောက်တိုဘာ ၁) ညပိုင်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၂ နာရီ ၄ ပေနှုန်းနဲ့ ရေထပ်တက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကလောမြို့မှာ စက်တင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ ရေကြီးရေလျှံမှုနောက်ဆက်တွဲ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မပြီးဆုံးခင်မှာပဲ အခုလို ရေထပ်တက်လာတာကြောင့် အရေးပေါ် ပြောင်းရွှေ့နေရတယ်လို့ ဆိုပါတယ်။
“ဒီနေ့ မနက်ပိုင်းတော့ နည်းနည်းပြန်ကျတယ်။ ဟိုလို လုံးလုံးကျတာတော့ မဟုတ်သေးဘူး။ မိုးလည်း ထပ်ရွာဦးမှာဆိုတော့ တော်တော်များများက ပြောင်းကြပြီ” လို့ ရပ်ကွက် ၂ မှာ နေထိုင်တဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
ကလောမြို့ ရပ်ကွက် ၂၊ ၃၊ ၄ နဲ့ စခန်းသာတို့မှာ ရေအနည်းငယ် ကျန်ရှိနေသေးတဲ့အပြင် မိုးထပ်ရွာသွန်းနိုင်တာကြောင့် အရေးပေါ် ပြောင်းရွှေ့နေကြတယ်လို့ လူမှုကူညီရေး အသင်းဝင်တွေက ပြောပါတယ်။
အလားတူ ကလောမြို့နယ်၊ လွယ်မောကျေးရွာမှာလည်း ရေကြီးရေလျှံမှုကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး အိမ်ခြေ ၁၅ လုံးကျော် ရေနစ်မြုပ်နေဆဲဖြစ်တာကြောင့် အကူအညီတွေ လိုအပ်နေကြတယ်လို့ သိရပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၂၈၀ မှာ တည်ရှိတဲ့ ကလောမြို့မှာ စက်တင်ဘာလ ၁၁ ရက်နေ့ကစပြီး လကုန်ပိုင်းအထိ စံချိန်တင်ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ လူ ၁၀၀ ကျော် သေဆုံးမှုနဲ့အတူ လူနေအိမ် ရာဂဏန်းအထိ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ဒီနေ့ (အောက်တိုဘာ ၂) ၂၄ နာရီအတွင်း ရှမ်းပြည်နယ်ရှိ လင်းခေးခရိုင်၊ ကလောခရိုင်၊ တောင်ကြီးခရိုင်၊ ကျောက်မဲခရိုင်တို့မှာ မိုးသည်းထန်စွာရွာသွားပြီး ရေကြီးရေလျှံမှု ထပ်ဖြစ်နိုင်တယ်လို့ မိုးလေဝသ စုစုစံက သတိပေးထားပါတယ်။
MK-014














