မဲခေါင်၊ စက်တင်ဘာ ၂၅
ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားတဲ့လားရှိုးမြို့ကို စစ်ကောင်စီက ဒီနေ့ စက်တင်ဘာ ၂၅ ရက် မနက်အစောပိုင်း ၂နာရီ ၁၅မိနစ် ဝန်းကျင်မှာ လေယာဉ်နဲ့ ဗုံး ၃လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရပ်ကွက် (၁၂) နည်းပညာအထက်တန်းကျောင်းအတွင်း တစ်လုံး နဲ့ အေတီတပ်ဦးဘုန်းကြီးကျောင်းဝင်းအတွင်း ၂လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းအဆောက်အဦး တစ်ချို့ပျက်စီးခဲ့ပေမယ့် လူထိခိုက်မှု မရှိဘူးလို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“မနက်၂ နာရီဝန်းကျင်လောက်မှာ ဗုံး၃ လုံးလာကြဲသွားတာ။ တစ်လုံးက ရက်ကွက် ၁၂ ကနည်းပညာကျောင်းမှာတစ်လုံးကျပြီးတော့ အေတီတပ်ဦးကျောင်းထဲကို ၂ လုံးကျတယ်။ လူထိတာတော့မရှိဘူး။ ကျောင်းအဆောက်အဦး တစ်ချို့တော့ပျက်စီးတယ်” လို့ သူကဆိုပါတယ်။
မနေ့ စက်တင်ဘာ ၂၄ မနက်အစောပိုင်း ၁နာရီခွဲခန့်မှာလည်း စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ ဒေသခံ ၁၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့ကြောင်း ကိုးကန့်တပ်-MNDAA ကသတင်းထုတ်ပြန်ထားပါတယ်။
ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ မြို့သိမ်းတိုက်ပွဲ တစ်လနီးပါးကြာပြီးနောက် စစ်ကောင်စီဟာ လေယာဉ်နဲ့ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး ဩဂုတ်လ ၃၀ ရက်နေ့မှာတစ်ကြိမ်၊ စက်တင်ဘာ ၉ ရက်နေ့မှာတစ်ကြိမ်၊စက်တင်ဘာ ၁၀ ရက်နေ့မှာတစ်ကြိမ်၊ စက်တင်ဘာ ၂၁ ရက်ေန့မှာ တစ်ကြိမ်၊ စက်တင်ဘာ ၂၄ မှာတစ်ကြိမ် နဲ့ စက်တင်ဘာ ၂၅ မှာတစ်ကြိမ် စုစုပေါင်း (၆) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
Photo – Nay Wai Soe
MK – 016











