မဲခေါင်၊ စက်တင်ဘာ ၁၆
ရေဘေးကြောင့် တာချီလိတ်မှာ အလုပ်အကိုင်တွေရပ်နားထားရပြီး စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့အတွက် နေအိမ်အခန်းငှါးခတွေ လျော့ပေါ့ဖို့ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်စေချင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
တာချီလိတ်မှာ အခြေခံလုပ်ငန်းတွေဖြစ်တဲ့ ပန်းရံ၊ လက်သမားနဲ့ လက်လုပ်လက်စားတွေအတွက် လုပ်ငန်းခွင်တွေပိတ်ထားတာကြောင့် ဝင်ငွေမရှိတာကြောင့် လကုန် အိမ်ခန်းငှါးရမ်းခပေးဖို့ အခက်တွေ့နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရေကအခုထိမကျသေးဘူး သွားဖို့လာဖို့လဲခက်တယ် အလုပ်တွေမဖွင့်သေးဘူး။ လကုန်ရင် စားဖို့ထက် နေဖို့ အိမ်လခပေးဖို့ကို မရှိဘူး။ ဒီတစ်လလောက် အိမ်ပိုင်ရှင်တွေအနေနဲ့ အခန်းလခ လျှော့ပေးတာဖြစ်ဖြစ်၊ မကောက်တာဖြစ်ဖြစ် ကူညီပေးရင်ပိုကောင်းမယ်။ အရင် ကိုဗစ်တုန်းက ဌာနဆိုင်ရာတွေက ညှိပေးတယ် အခုလဲ အဲ့လို ညှိနှိုင်းပေးစေချင်တယ်”လို့ ပန်ရံလုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ တာချီလိတ် တစ်မြို့လုံးနီးပါး ရေဘေးသင့်ခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်တန့်ထားရသလို ရပ်ကွက်အချို့သာ လျှပ်စစ်မီးရရှိနေတဲ့အတွက် ပုံမှန် အလုပ်အကိုင်တွေ ၉၀ ရာခိုင်နှုန်းခန့် ရပ်တန့်နေတယ်လို့ သိရပါတယ်။
တာချီလိတ်မြို့ဟာ ပြည်တွင်း စစ်ဘေးနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် အခုနှစ်ပိုင်း ရွှေ့ပြောင်းအလုပ်သမားအများဆုံးပြောင်းရွှေ့လာကြပြီး အခြေခံ အလုပ်အကိုင်တွေဖြစ်တဲ့ ဆောက်လုပ်ရေး၊ သန့်ရှင်းရေးလို အလုပ်တွေလုပ်ကိုင်ကာ အိမ်ခန်းငှါးရမ်းနေသူ အများဆုံးနေထိုင် နေကြတာဖြစ်ပါတယ်။
တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်း၊ တာလေ၊ မိုင်းလင်း၊ မယ်ယန်း၊ မိုင်းဖုန်းကျေးရွာအုပ်စုတွေအပြင် မြို့တွင်းရပ်ကွက်တွေဖြစ်တဲ့ ပုန်းထွန်၊ တာလော့၊ မယ်ခေါင်ရပ်ကွက်တွေ ရေဘေးကြောင့် ထိခိုက်မှုအများဆုံးကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။
MK-002










