မဲခေါင်၊ စက်တင်ဘာ ၁၆
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်လေးဒေသမှာ ရေတက်နှုန်း ထပ်မံမြင့်တက်နေပြီး ကျေးရွာအများစုမှာ စားနပ်ရိက္ခာပြတ်လပ်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။
အင်းလေးမြောက်ပိုင်းနဲ့ အလယ်ပိုင်းကျေးရွာတွေမှာ စားနပ်ရိက္ခာအတွက် အကူအညီ အနည်းငယ်ရကြပေမယ့် တောင်ပိုင်းမှာတော့ အလှူရှင်လာရောက်သူ မရှိသေးဘူးလို့ ဆိုပါတယ်။
“လာလှူကြတာတွေ ရှိတယ်။ ဒါပေမယ့် အခြေခံလောက်ပဲပေါ့။ တချို့ အဖွဲ့တွေက လာပြီးမှ တစ်ရွာလုံးစာ မဟုတ်တော့ ငါကရတယ် သူကမရဘူးတွေ ဖြစ်ပြီး ဝမ်းနည်းကြတာပေါ့။ အလှူရှင်တွေ ထပ်လိုပါတယ်။ ထမင်းမစားရသေးတာ ၄ ရက် ရှိတဲ့လူတွေ အများကြီး ကျန်သေးတယ်” လို့ ဖောင်တော်ဦးဘုရားအနီး လယ်ခြေရွာခံ တစ်ဦးက ပြောပါတယ်။
ဩဂုတ်လကတည်းက အင်းလေးဖောင်တော်ဦးဘုရား ရင်ပြင်အထိ ဝင်ရောက်နေတဲ့ ရေတွေဟာ စက်တင်ဘာလ ၁၁ ရက်နေ့ တောင်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာမှာရှိတဲ့ ကျီးဖြူကန်ကို ဖောက်ချလိုက်တဲ့ နောက်ပိုင်းမှာတော့ ညောင်ရွှေမြို့နယ်တွင်းကို တဟုန်ထိုး စီးဆင်းလာပြီး အခုလို အိမ်တွေနစ်မြုပ်တဲ့အထိ ဖြစ်လာတယ်လို့ သိရပါတယ်။
လက်ရှိအခြေနေအရ ရွာပေါင်း ၁၇၀ ကျော်က ဘုန်းကြီးကျောင်း၊ ဘုရား၊ စေတီ၊ ဈေး၊ စာသင်ကျောင်း၊ ဆေးရုံ၊ လူနေအိမ်၊ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေ အကုန်နစ်မြုပ်နေပြီး အလှူရှင်လာမှ ထမင်းစားရတယ်လို့ ဖောင်တော်ဦးအနီး နမ့်ဟူးရွာမှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။
“ပိုက်ဆံရှိတဲ့သူတွေက တောင်ကြီးတက်ကြပေါ့။ ကျန်တဲ့သူတွေက ထမင်းတောင် နပ်မမှန်ဘူး။ ဈေးလည်းမြုပ်ပြီ။ ကုန်စုံဆိုင်တွေ ဘာတွေကလည်း ဘယ်လိုသွားကြမလဲ။ ရေကြီးတော့ လှေတွေက မျှောကုန်ပြီ။ ဘယ်သူမှ လာမလှူတဲ့နေ့ ဘာမှမစားရဘူး”
လက်ရှိမှာ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေတယ်လို့ သိရပါတယ်။
ညောင်ရွှေမြို့နဲ့ နီးစပ်တဲ့ ကျေးရွာတွေမှာတော့ အိမ်ထောင်တစ်စုကို ဆန် ၂ ပြည်၊ ဆီတစ်ဘူး၊ ကြက်ဥ အလုံး ၆၀ နှုန်းနဲ့ လာလှူပေးနေကြပြီး အလှူရှင်နဲ့ ရေဘေးဒုက္ခသည် အရေအတွက် အချိုးမညီမမျှ ဖြစ်နေတာကြောင့် နောက်ထပ် အလှူရှင်တွေကို ဖိတ်ခေါ်နေပါတယ်။
အင်းလေးဒေသမှာ လက်ရှိ ရေတက်နှုန်းဟာ ၂၀၀၅ ခုနှစ် ရေတက်နှုန်း အကြမ်းဆုံးစံချိန်ကို ၅ ဆ ကျော်လွန်သွားပြီ ဖြစ်ပြီး လက်ရှိမြုပ်နေတဲ့ နေအိမ်တွေဟာ အောက်ခြေရေထု ၁၆ ပေအထိ ရှိသလို အိမ်အပေါ်ထပ်တွေကို ရေဝင်ရောက်ဖို့လည်း တစ်ပေခွဲခန့်သာ လိုတော့တယ်လို့ စုံစမ်း သိရပါတယ်။
ညောင်ရွှေမြို့နယ်နဲ့ နီးစပ်တဲ့ တောင်ကြီးမြို့နယ်တွင်းက မြို့တွေမှာတော့ ရေအများစု ပြန်ကျလာပြီး မြို့ခံတွေနဲ့ သက်ဆိုင်ရာတွေက ပြန်လည်ထူထောင်ရေး စတင်နေကြပြီလို့ လူမှုကူညီရေး အသင်းအဖွဲ့တွေဆီက သိရပါတယ်။
MK-014


















