မဲခေါင်၊ စက်တင်ဘာ ၁၄
တာချီလိတ်မြို့နယ် ရေကြီးမှုအတွင်း ရေမျောပြီး ပျောက်ဆုံးနေသူ ၂၀ လောက်ရှိနေပြီး လယ်စိုက်ဧက အကုန်လုံးနီးပါးလည်း ပျက်စီးဆုံးရှုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေထဲမျောပါသွားသူတွေထဲမှာ မယ်ဟုတ်ချောင်းဘေးနေထိုင်သူတွေပါဝင်ပြီး နေအိမ်တွေအလုံးလိုက်မျောပါသွားစဉ်အတွင်း ပါဝင်သွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တစ်ချို့ အိမ်အလုံးလိုက်ပါသွားတာ၊ မြေပြိုပြီး တောင်အောက်ထဲရောက်သွားတာတွေရောဘဲ။ မိုင်းကိုး၊ မယ်ယန်း၊ မိုင်းဖုန်းဘက်ဆိုရင် လယ်တွေက ရေပြင်ကြီးဖြစ်သွားတာ ကျွဲတွေနွားတွေရော ပါသွားတယ်။ လမ်းတွေကတော့ အကုန်ပိတ်နေပြီ ထိုင်းဘက်ပါဒုက္ခရောက်နေတာ”လို့ သူက ပြောပါတယ်။
မြို့ပေါ်ရပ်ကွက်တွေအပြင် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းက ရေချောင်းနဲ့နီးတဲ့ ကြိုးတံတားကျေးရွာမှာ အိမ်ခြေ ၄၀ ကျော် ချောင်းရေနောက်ပါသွားပြီး အခြားရွာတွေလဲ ရေဘေးသင့်နေကာ မိုင်းဆတ်မြို့ကိုသွားတဲ့လမ်းမှာလဲ လမ်းများပျက်စီးနေပြီးသွားလာလို့ မရနိုင်ဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
မိုင်းကိုးကျေးရွာဘက် ရေဝင်ရောက်မှု အဆိုးဆုံးဖြစ်ပြီး အားရဲ သတ္တုထုတ်လုပ်ရေးဘက်က ရေတွေ ဝါးလုံးထိုး တရဟောစီးလာပြီး လူတစ်ရပ်အထိ ရေတက်ခဲ့တယ်လို့ သိရပါတယ်။
တာလေ၊ မိုင်းလင်းဘက်မှာလဲ ရေလွှမ်းမိုးပြီး ထိခိုက်မှုများပြားခဲ့တဲ့အပြင် မိုင်းဖုန်းဘက်မှာ လာအိုနိုင်ငံဘက်က သွယ်တန်းထားတဲ့ လျပ်စစ်မီးတိုင်တွေ ပြိုလဲတာကြောင့် လျှပ်စစ်မီးပေးမှုရပ်တန့်ထားရပါတယ်။
မြို့နယ်အတွင်း မိုင်းကိုး၊ တာလေ၊ မိုင်းဖုန်း၊ မိုင်းလင်း၊ ကျိုင်းလယ်က လယ်စိုက်ဧက ထောင်ချီပျက်စီးဆုံးရှုံးနေပြီး ဖုန်းဆက်သွယ်ရေးတွေလဲပြတ်တောက်နေဆဲဖြစ်ပါတယ်။
မြို့တွင်း တချို့ရပ်ကွက်တွေမှာ ရေကျသွားပေမယ့် တင်ကျန်နေခဲ့တဲ့ နှုန်းမြေ ရွံမြေတွေကို ရှင်းလင်းနေပြီး သောက်ရေနဲ့ သုံးရေအတွက် အခက်အခဲတွေကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ တာချီလိတ်မြို့နယ်အတွင်းက ရေဘေးသင့် ကျေးရွာတွေမှာ စားနပ်ရိက္ခာခက်ခဲနေပြီး သောက်သုံးရေ ပြတ်လပ်နေကာ သွားလာဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။
ပျောက်ဆုံးနေတဲ့ လူတွေကို မိသားစုဝင်တွေလိုက်လံရှာဖွေနေပြီး ရေကျခြင်းမရှိတဲ့ ရပ်ကွက်တွေအတွင်းက နေအိမ်အတွင်းပိတ်မိနေသူတွေကို ကယ်ဆယ်ရေးလိုက်လံလုပ်ဆောင်နေရတယ်လို့ သိရပါတယ်။
MK-002










