မဲခေါင်၊ စက်တင်ဘာ ၁၃
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီး – လွိုင်လင်လမ်းမှာ ဒီနေ့မနက်ပိုင်း ရေကြီးရေလျှံမှုကြောင့် မြေပြိုကျပြီး ကားတချို့ ချောက်ထဲကျနေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
လွိုင်လင်မြိုနယ်၊ ခေါင်းနွဲ့တောင် လမ်းပိုင်းနေရာမှာ မြေပြိုကျမှုတွေကြောင့် ကုန်ကား ၅ စီးထက်မနည်း ချောက်ထဲပြုတ်ကျခဲ့သလို ကျန်တဲ့ ကုန်ကား၊ တွဲကားတွေကလည်း တန်းစီစောင့်ဆိုင်းနေရတယ်လို့ ဆိုပါတယ်။
“ကားသေးဆိုရင်တော့ ပြန်လှည့်တာပေါ့။ ကုန်ကားက လမ်းတစ်ဝက်မှာ ဘယ်လို လှည့်မလဲ။ အကုန်လုံး စိတ်ညစ်နေကြတယ်။ ကျနော်တို့လည်း ဘယ်ထွက်ချင်မလဲ။ ဝမ်းရေးကြောင့်လေ” လို့ ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။
ခေါင်းနွှဲ့တောင် လမ်းပိုင်းနေရာမှာ မြေပြိုတာ၊ လမ်းပျက်စီးနေတာတွေပဲ ဖြစ်ပေါ်နေပြီး အဲဒီနေရာ အပါအဝင် လွိုင်လင်မြို့တွင်းနေရာတွေမှာလည်း ရေကြီးတာတော့ မတွေ့ရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း မြေပြိုမှုကြောင့် ခေါင်းနွဲ့တောင် လမ်းပိုင်းနေရာမှာ မြေပြိုမှုကြောင့် တစ်ပတ်ကြာတဲ့အထိ ကားလမ်းပိတ်ဆို့ခဲ့ဖူးပေမယ့် အခုလိုမျိုး အခြေအနေ မဆိုးရွားခဲ့ဘူးလို့ သိရပါတယ်။
“လမ်းက အောက်ကမြေပျော့ပျော့လေးကို ကတ္တရာ ပါးပါးလေး ခင်းထားတာ။ အင်ဂျင်နီယာတွေရဲ့ ပညာပြမှုပဲ ပြောရမလား။ မိုးနည်းနည်းလောက် ရွာရင်ကို လန့်နေရပြီ။ မနက်က ကျသွားတဲ့ ကားတွေလည်း လမ်းချော်ပြီး ဖြစ်ကြတာ” လို့ စပါယ်ယာတစ်ဦးက ပြောပါတယ်။
ခေါင်းနွဲ့တောင် လမ်းပိုင်းနေရာဟာ မိုးရာသီတိုင်း လမ်းပျက်စီးနေကျ ဖြစ်သလို တိုက်ပွဲပြင်းထန်တိုင်းလည်း စစ်ကောင်စီဘက်က လမ်းပိတ်လေ့ ရှိတာကြောင့် မကြာခဏ ယာဉ်ကြောပိတ်တတ်တဲ့ နေရာဖြစ်တယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
MK-014












