မဲခေါင်၊ စက်တင်ဘာ ၅
လာအိုနိုင်ငံ ရွှေတြိဂံ ဒေသအနီး၊ စက်လှေ တိမ်းမှောက်မှုကြောင့် မဲခေါင်မြစ်ထဲ ပျောက်ဆုံးနေတဲ့ “ဝ” လူငယ်တွေကို UWSA တောင်ပိုင်းစစ်ဒေသ ၁၇၁ တပ်ဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက် လုပ်ဆောင်ခဲ့တယ်လို့ တာဝန်ရှိသူ တစ်ဦးက “ဝ” လူငယ်အသံကွန်ရက်ကို အတည်ပြု ပြောဆိုလာတယ်လို့ သိရပါတယ်။
လာအိုနိုင်ငံ ရွှေတြိဂံဒေသအနီး မဲခေါင်မြစ်ထဲ စက်တင်ဘာလ ၂ ရက်နေ့က စက်လှေနှစ်စင်း တိမ်းမှောက်ခဲ့တာဖြစ်ပြီး “ဝ” နယ်တာဝန်ရှိသူတွေ ချက်ချင်း သွားရောက်ကာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါတယ်။
အဖြစ်အပျက်အတွင်း သေချာသိသူ တစ်ဦးက “လှေနှစ်စီးပါ၊ တစ်စီးကပျက်လို့ ကောင်းတဲ့တစီးက ပြန်တွဲတာ လှေသမားကရေထဲကျသွားတော့ ‘ဝ’ကောင်လေးက သူ့ကိုကူညီရင်း သူပါ ထပ်ကျပြီး လှေညပ်သွားတာပါ။ အဲ့တာနဲ့ လှေကိုပြန်ခွာလိုက်တာမှာ ရပ်ထားတဲ့ကုန်သင်္ဘောတွေကို ဝင်တိုက်ပြီး မြုပ်ကုန်တာပါ” လို့ ပြောပါတယ်။
စက်လှေ ၂ စီးမှာ တင်ဆောင်လာတာ ဝလူမျိုးတိုင်းရင်းသားတွေ ၄၈ ဦးဖြစ်ပြီး တင်ဆောင်လာတဲ့ စက်လှေချင်းတိုက်ပြီးမှောက်တာလို့လည်း အခြားတစ်ဦးက ဆိုပါတယ်။
“ကျွန်တော်တို့ “ဝ” ကလေးတွေဆိုတာမှန်ပါတယ်၊ လက်ရှိ ၁၀ ယောက်ဝန်းကျင် ပျောက်ဆုံးနေပါတယ်၊ ၂ ယောက်ကတော့ ကယ်ယူနိုင်ခဲ့ပေမယ့် အသက်ဆုံးရှုံးခဲ့ပါတယ်”လို့ ဝ ဒေသ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုပါတယ်။
အခုလို မြစ်ထဲပျောက်ဆုံးနေပြီး အသက်ဆုံးရှုံးခဲ့တဲ့ လူငယ်တွေအတွက် “ဝ”ဒေသတာဝန်ရှိသူတွေက တာဝန်ယူမှု တာဝန်ခံမှု နဲ့အတူ တာဝန်ယူကိုင်တွယ်သွားမှာ ဖြစ်ပြီး မီဒီယာတွေဘက်က မဟုတ်မမှန်အပြုသဘောဆောင် ရေးသားတဲ့ အပေါ် ကန့်ကွက်ရှုတ်ချကြောင်း သူကပြောပါတယ်။
” အခု ကလေးတွေပြန်ခေါ်တဲ့အပေါ် အမျိုးမျိုးကြားနေရတယ်။ လာအိုကလည်း စာထုတ်ထားတယ်။ ကိုယ့်ဒေသကို ပြန်ကြဖို့။ ကျွန်တော်တို့ကပြည်ပရောက် ကိုယ့် “ဝ” ကလေးတွေရဲ့အသက် ဘေးကင်းလုံခြုံရေးအတွက် ခေါ်ယူရခြင်းဖြစ်တယ်။ မဟုတ်ရင် တခြားနိုင်ငံတွေရောင်းစား ခံရကုန်မှာ”လို့ ပြောကြောင်း ‘ဝ ‘လူငယ်အသံကွန်ရက်မှာ ဖော်ပြပါရှိပါတယ်။
လာအိုနိုင်ငံအနေနဲ့ ၎င်းနိုင်ငံအတွင်း နေထိုင်ကြတဲ့ မြန်မာနိုင်ငံက တရားမဝင်အလုပ်သမားတွေ၊ မှတ်ပုံမတင်ထားတဲ့ မြန်မာအလုပ်သားတွေ ဘယ်သူမဆို ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေးရုံးမှာ မှတ်ပုံတင်ရမှာ ဖြစ်ကာ သတ်မှတ်ချိန်အတွင်း စာရင်းမသွင်းနိုင်သူတွေကို နေရပ်ကို ပြန်ပို့မှာ ဖြစ်ကြောင်း သြဂုတ် ၃၀ ရက်နေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
‘ဝ’တောင်ပိုင်း စစ်ဒေသ ၁၇၁ ကတော့ လာအိုကနေပြန်လာပြီးအချိန်မီ စစ်မှုထမ်းဖို့ ခေါ်စာ ၁ စောင် ထုတ်ပြန်ခဲ့ပါတယ်။
MK-012










