မဲခေါင်၊ စက်တင်ဘာ ၄
ရန်ကုန်၊ အင်းစိန်ထောင်ဆေးရုံမှာ ဆေးရုံတက်နေတဲ့ နိုင်/ကျဥ်း တစ်ဦးကို အခန်းလူကြီး (တန်းစီး) က ယောက်ျားချင်း မုဒိန်းပြုကျင့်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံ ရေးအကျဥ်းသားများကွန်ရက်က ယနေ့ စက်တင်ဘာ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အင်းစိန်ထောင်ဆေးရုံက တီဘီရောဂါအတွက် တီဘီသမားတွေထားတဲ့ အခန်းမှာ ဆေးကုသမှုခံယူနေရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အကျဉ်းသားအခန်းလူကြီးက မုဒိမ်းပြုကျင့်ခဲ့တာလို့ သိရပါတယ်။
ပုဒ်မ(၅၀)ညနဲ့ ထောင်ဒဏ် (၁၁) နှစ်ချမှတ်ခံထားရတဲ့ အသက်(၂၅)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ပုဒ်မ ၃၇၆ မုဒိန်းမှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ကျခံနေရတဲ့ အကျဉ်းသားအခန်းလူကြီး ဇင်မျိုးကို (ခ) မျိုးကြီး (ဘ) ဦးမျိုးမင်းဆွေက ဩဂုတ်လ ၂၀ ရက်နေ့ မနက် ၃ နာရီဝန်းကျင်မှာ ခြိမ်းခြောက်ထိုးကြိတ်ပြီး အလိုမတူပဲ ပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။
ယင်းဖြစ်စဉ်ကို အဆောင်မှူး အောင်ကျော်ဆင့်က ကျူးလွန်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားအတွက် ကျူးလွန်ခဲ့သူ အခန်းလူကြီး ဇင်မျိုးကို(ခ)မျိုးကြီးအား ထိရောက်တဲ့ အပြစ်ပေးအရေးယူဆောင်ရွက်မှု မပြုတဲ့အပြင် အဆိုပါ မုဒိမ်းမှုဖြစ်ပွားခဲ့တဲ့ သတင်းကို ဖုံးကွယ်ထားပြီး သတင်းပေါက်ကြားပါက နှစ်ဦးစလုံးကို တိုက်ပိတ်အရေးယူမည်ဟု ခြိမ်းခြောက်ပြောဆို နှုတ်ပိတ်ခဲ့ထားတယ်လို့ သိရပါတယ်။
အဆောင်မှူးအောင်ကျော်ဆင့်ဟာ ၎င်းတာဝန်ယူ အုပ်ချုပ်ခွင့်ရတဲ့ အဆောင်အတွင်း ငွေကြေးရယူ၍ ရာဇဝတ်အကျဉ်းသားများကို အကျဉ်းသားအချင်းချင်း အုပ်ချုပ်ရသည့် ရာထူးအာဏာများပေးထားပြီး အဆိုပါအကျဥ်းသားများမှ နိုင်ငံရေးအကျဉ်းသားများအား လူမဆန်စွာ ဆက်ဆံခြင်း ၊ ရိုက်နှက်ခြင်း ၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ယခုဖြစ်စဉ်ကဲ့သို့ အလိုမတူပဲ မုဒိမ်းပြုကျင့်တဲ့အမှုတွေကို ဖုံးကွယ်ပေးကာ ထောင်တွင်းစီးပွားရှာဖွေလျက် ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ စုံစမ်းဖော်ထုတ်ရရှိချက်များအရ သိရတယ်လို့ ပါရှိပါတယ်။
“နိုင်ကျဥ်းတွေကို တမင်ဂုဏ်သိက္ခာပျက်အောင် လုပ်နေပြတာ၊ မြန့မာရော ကမ္ဘာရော သိပြီး ထိရောက်တဲ့ အရေးယူမှုတွေ၊ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုမယ်”လို့ နိုင်/ကျဥ်း တစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံတွင်း အကျဥ်းထောင် ၄၆ ခုအနက် လားရှိူး၊ သီပေါထောင်တွေကိုတော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးလွှတ်ပေးခဲ့ပေမယ့် စစ်ကောင်စီနယ်မြေက ကျန်ထောင်တွေထဲက ၃၆ ထောင်မှာနိုင်ငံရေးအကျဥ်းသား ၂၀၈၃၃ ဦးမတရားပြစ်ဒဏ်ခံနေရဆဲလို့ စက်တင်ဘာ ၃ရက်က နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ချက်အရ သိရပါတယ်။
MK-012








