မဲခေါင်၊ စက်တင်ဘာ ၄
ရှမ်းမြောက်က သီပေါမြို့နယ် တောတောင်တွေမှာ စစ်ရှောင်နေသူတွေ စားရေရိက္ခာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
သီပေါမြို့လုထုအနေနဲ့ မြို့ပေါ်စစ်ရှောင်နေရာတွေအပြင် မြို့ပြင်ပ အနီးအနားက တောတောင် သဘာဝ ကျောက်ဂူတွေမှာ သွားရောက် စစ်ရှောင်နေကြသူတွေလည်း ရှိနေပြီး စစ်ရှောင်စခန်းအားလုံးမှာ စားရေရိက္ခာ လိုအပ်ချက်တွေရှိနေတယ်လို့ သိရပါတယ်။
သီပေါမြို့ရဲ့ အရှေ့ဘက် ကျောင်းစု၊ နားမှုံဘက်က တောတောင်လှိုဏ်ဂူတွေအတွင်း စစ်ဘေးရှောင်နေတဲ့ ရွာသားတွေရှိရာနေရာကို ရောက်အောင်သွားပြီးဆန်/ဆီ/ဆား/ကြက်ဥတို့ကို နယ်စည်းမခြားအရဟိတအသင်းက သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
“အလှူရှင်တွေကိုယ်စား တစ်ကယ်လိုအပ်နေတာ အကျိုးဆောင်ရတာ ပင်ပန်းတယ်မရှိပါဘူး၊ သူတို့ ဝမ်းသာရတာ တအား ကြည်နူးပြီး ကုသိုလ်ရပါတယ်”လို့ ပရဟိတအသင်းအဖွဲ့ဝင် ၁ဦးက မှတ်ချက်ပြုပါတယ်။
သီပေါမှာ တိန်းချေ၊ တိန်းစံက နောင်ကတ်ကျောင်း၊ ပန်းတိမ်တောင်က ရွှေဓားကျောင်း၊ဘိုးတော်ကျောင်း၊ ရေပေါ်ကျောင်းနဲ့ သီပေါက ၆မိုင်ဝေးတဲ့ ဘော်ကြိုဘုရားအပြင် ၄မိုင်ခန့် ဝေးတဲ့ ကျောင်းစု၊ နားမှုံက တောတောင်လှိုဏ်ဂူတွေမှာ စစ်ရှောင် ဦးရေ ၃၀၀၀ ခန့် စစ်ရှောင်နေကြရတာဖြစ်လို့ စားရေရိက္ခာတွေ လိုအပ်နေတာဖြစ်ပါတယ်။
“လေယာဥ်နဲ့ ရိက္ခာလာချတာပဲရှိတယ်၊ ဗုံးကြဲ အမြောက်ထုတာ မရှိဘူး၊ ငြိမ်နေတယ်” လို့ သီပေါ မြန်မာရပ်နေသူ ၁ဦးက မဲခေါင်သတင်းဌာနကိုပြောပါတယ်။
လက်ရှိ ကနေ့ စက်တင်ဘာ ၄ ရက် နေ့လယ် ၂နာရီအထိ တိုက်ပွဲပစ်ခတ်သံမကြားရဘဲ ဖုန်းလိုင်း ကတော့ Ooredoo တစ်လိုင်းသာ ရနေတယ်လို့ သိရပါတယ်။
MK-012













