မဲခေါင်၊ သြဂုတ် ၂၉
တပ်ပျက်နေပြီလို့ ကြွေးကြော်ပြီး မြန်မာ့တပ်မတော်သားတွေ အလံဖြူထောင် ပြည်သူ့ဘက်ကူးပြောင်းကြရန် ရန်ကုန်မြို့ရှိ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး ဒီနေ့ သြဂုတ် ၂၈ ရက်မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
အဆုံးစွန်ထိ မိုက်ကမ်းစွာပြီး တိုင်းပြည်၊ လူထုနဲ့ တပ်ကို ဖျက်စီး ဖိနှိပ် နေတဲ့ အာဏာရူး မင်းအောင်လှိုင် အတွက် အသေမခံပဲ၊ ပြည်သူ့ဘက် အမြန်ဆုံး ဘက်ပြောင်းခိုဝင်ကြဖို့ ကြွေးကြော်ဆန္ဒပြခဲ့ကြတာပါ။
ရန်ကုန်၊ မန္တလေး၊ ပြည်၊ မုံရွာစသည့် မြို့ကြီးတွေမှာ စစ်ကောင်စီမှ ပျူစောထီးများကို အုပ်ကြီး ရာထူးပေး၊ လက်နက်တပ်ဆင်ပြီး လူဖမ်းပွဲများ အတင်းအဓမ္မပေါ်တာဆွဲ စစ်သားစု ခြင်းများ ဖိနှိပ်မှုနဲ့ ခြိမ်းခြောက်မှုများကို ပို၍ ဆိုးဝါး ပြင်းထန်စွာ ဆက်တိုက်ကျူးလွန်လာပါတယ်။
ဒီအခြေအနေများကြားမှပင် “မြေပြင်လူထုလှုပ်ရှားမှု” မှာ ယုံကြည်ချက်ခိုင်ခိုင်မာမာဖြင့် ပူးပေါင်းပါဝင်ကြရန်နဲ့ ဝန်းရံကြတဲ့ ပြည်သူများကို အလေးအနက်ဦးညွှတ်တယ်လို့ ဆိုပါတယ်။
ပြည်သူ မထောက်ခံသည့် စစ်ကို ဆင်နွှဲနေသည့်အပြင် ပြည်သူကိုပါ ဖိနှိပ်သတ်ဖြတ်နေသည့်” စစ်အုပ်စု သက်ဆိုးရှည်နေမှုကို မြန်မာ့တပ်မတော်သားများပါ နွေဦးတော်လှန်ရေးတွင် အမြန်ဆုံးပါဝင်ပူးပေါင်းပြီး အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲကြရန်နဲ့ အထွေထွေအုံကြွအာခံမှုများနဲ့ လူထုတရပ်လုံး တိုက်ပွဲဝင် ကြရန်လည်း အလေးအနက် ပန်ကြားထားပါတယ်။













