မဲခေါင်၊ သြဂုတ် ၂၈
ရှမ်းတောင်၊ လင်းခေး-မိုင်းပန် ကားလမ်းနဲ့ ရွာတွေ ရပ်ကွက်တွေထဲ မနေ့ သြဂုတ်၂၇ ရက်နေ့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံဖြစ်နေလို့ ခရီးသွားကားတွေ ၃ ရက်ခန့် ရပ်ဆိုင်းဖို့ရှိတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
လင်းခေး-မိုင်းပန် ကားလမ်းနဲ့ လင်းခေးမြို့ထဲနဲ့ မိုင်းပန်အထွက် ရွာတွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်နေတာဖြစ်ပြီး လင်းခေး-မိုင်းပန် လမ်းအသုံးပြုနေတဲ့ ခရီးသွားကားတွေအနေနဲ့ ၃ ရက်လောက် ခရီးစဉ် ရပ်ဆိုင်းဖို့ရှိနေတယ်လို့ သိရပါတယ်။
“လင်းခေးမှာဆို နမ့်တိန်းချောင်း ရေကြီးတာ စျေးနားတဝိုက်က ရပ်ကွက်တွေနဲ့ ရွာတွေ အိမ်တွေ ၁၀၀၀ လောက် ရေဘေးကြုံနေရတယ်၊ လယ်တွေလဲ မနည်းဘူး ရေမြုပ်တာ ဧက ၃၀၀၀ ကျော်မယ်၊ တချို့နေရာတွေ ခါးလောက်ကိုရှိတယ်၊ လှေနဲ့သွားနေရတယ်”လို့ လင်းခေး စျေးတန်းရပ်ကွက်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
လင်းခေးမြို့ကို သွယ်ဝိုက်စီးဆင်းနေတဲ့ နမ့်တိန်းချောင်း အနီးက ရွာမ အရှေ့၊ စျေးတန်း၊ ဒါးဆိပ်၊ ပင်ထနောင်း၊ ဝမ်မပြင်း၊ တောင်ရွာ၊ကမ္မဌာန်းကျောင်း၊ မအွန်လောင်း၊ နားကုန်း၊ စလောင်းစတဲ့ ရပ်ကွက်နဲ့ကျေးရွာအတွင်း ရေကြီးရေလျှံဖြစ်နေလို့ နေအိမ် တစ်ထောင်လောက် ရေဘေးကြုံနေရတယ်လို့ သိရပါတယ်။
လယ်ဧက ၃ ထောင်လောက်လဲ ရေမြုပ်နေပြီး ကားလမ်းပျောက်အောင် ရေကြီးနေတာဖြစ်ရာ ကားလမ်းတွေ ရေတိုက်စားမှု၊ လမ်းသားတွေ ရေထဲပါကာ ပျက်စီးမှုတွေနဲ့ မြေပြိုမှုတွေကြောင့် ခရီးသွားကားတွေ ၃ ရက်ခန့် ရပ်ဆိုင်းဖို့ ရှိနေမယ်လို့ ဒေသခံတွေက ပြောကြားနေကြပါတယ်။
လင်းခေးမြို့မှာ ၂၀၀၄ ခုနှစ်က ရေကြီးခဲ့ပြီးနောက် ယခု နှစ် ၂၀ အကြာမှာ ထပ်မံရေကြီးခဲ့တာဖြစ်ပြီး ၂၀၀၄ ခုနှစ်ရေကြီးစဉ်က ချောင်းအတွင်း မျောပါကာ လူသေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
MK-012













