မဲခေါင်၊ သြဂုတ် ၂၆
ရှမ်းမြောက်၊ “၀”နဲ့တရုတ်နယ်စပ် နမ့်တစ်မြို့က မန်ခါး ဂိတ် ကို တရုတ်ဘက်က ပိတ်လိုက်တာဖြစ်တယ်လို့ WNL က ဖော်ပြလာတာမှာအဲလို ဂိတ်ပိတ်တာကို ယနေ့သြဂုတ်လ ၂၆ ရက် မှာ နမ့်တစ်မြို့ တာဝန်ရှိသူ ၁ ဦးက အတည်ပြုပြောကြားတယ်လို့ ပါရှိပါတယ်။
မန်ခါးဂိတ်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်က စတင်ကာ ကုန်ပစ္စည်းအဝင်အထွက် တင်းကြပ်လာတာဖြစ်ပြီးသြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းက စတင်ပိတ်ခဲ့တာလို့ သိရပါတယ်။
“ဂိတ်ပိတ်တော့ နမ့်တစ်၊ ဟိုပန်နဲ့ပန်လုံမြို့က လူထုတွေ အခက်တွေ့ကြတယ်၊ အခုစစ်နေတာကလဲ ကားပေါ်က ပစ္စည်းတွေ အကုန်တွန်းချ၊ စိစစ်၊ ပြီးမှပြန်တင်၊ တစ်ခေါက် တစ်ခေါက် ရက်ပိုင်းလောက်ကြာတယ်၊ အဓိက ၁၀၂၇ စစ်ဆင်ရေးမှာ ညီနောင်မဟာမိတ်တွေကို ကူတယ်ဆိုတဲ့အကြောင်းပြချက်ကြောင့် ဖြစ်တယ်လို့ပဲ ကျနော်ယူဆပါတယ်”လို့ “၀”ပြည်နယ်အစိုးရရဲ့ နိုင်ငံရေးဌာနတာဝန်ရှိသူ တစ်ဦးက ပြောတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံကို လာပြီး စစ်ခေါင်ဆောင်နဲ့တွေ့သွားပြီးတဲ့နောက်မှာ တရုတ်-မြန်မာ နယ်စပ်ဂိတ် ကိုးကန့် လောက်ကိုင် ရန်လုံကျိုင်းဂိတ်၊ ၀ ဘက် ၊ မိုင်းလားဘက်၊ ကချင်ပြည်နယ် ဘက် နယ်စပ်ဂိတ်တွေကို ကုန်ပစ္စည်းတင်သွင်းမှုတွေ ရပ်ဆိုင်း လိုက်တယ်လို့ တရုတ်က ကြေညာတယ်လို့ သတင်းတွေထွက်ပေါ်လာတယ်လို့ သိရပါတယ်။
တရုတ်ဘက်က ပိတ်သွားတဲ့ မန်ခါးဂိတ်မှာ နမ့်တစ်စီးပွားရေး အထူးမြို့နယ်တွင်ရှိပြီး မိုင်းမောခရိုင်အနောက်ဘက် တရုတ်နယ်စပ်နဲ့ ကိုးကန့်ဒေသချင်းရွှေဟော်တို့ ဆက်စပ်နေရာမှာ တည်ရှိတယ်လို့ သိရပါတယ်။
“၀”ဒေသ အဓိကဘဏ္ဍာရေးမှာ ခဲမဖြူ ဖြစ်ပြီး နှစ်စဉ် တန်ချိန် ၁ သိန်းကျော်ထွက်ရှိကာ ပန်ဆန်း-မုန်းလင် နယ်စပ်ကုန်သွယ်ရေးပမာဏနှစ်စဉ် ဒေါ်လာ သန်း ၁ ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။
မြန်မာ”၀”ဒေသနဲ့ တရုတ်နယ်စပ်”၀”ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတို့ ကူးလူးဆက်ဆံ ရောင်းဝယ်နေကြတာမှာ တရုတ်နိုင်ငံနဲ့သာ နယ်စပ်ကုန်သွယ်မှုပြုနေတာဖြစ်ပြီး မြန်မာစစ်တပ်က ၂၀၁၅ ခုနှစ်ကစလို့ ၀ဒေသကို ဆန်နဲ့လောင်စာဆီ သယ်ယူခွင့်ပိတ်ပင်ထားလို့ ဒေသတွင်း လိုအပ်တဲ့ ဆန်နဲ့ လောင်စာဆီကို တရုတ်ကို ပိုမှိခိုနေရတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ တိုင်းရင်းသားတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေနဲ့ တခြားလမ်းကြောင်းတွေမှာ ကုန်သွယ်မှုတွေ များပြားလာနေလို့ ထိထိရောက်ရောက်ဖမ်းဖို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးတပ်ဖွဲ့ကို လျှို့ဝှက်ညွှန်ကြားထားတယ်လို့ သိရှိရပါတယ်။
MK-012








