မဲခေါင်၊ ဩဂုတ် ၂၃
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပင်လောင်း – လွိုင်ကော်လမ်းကို PNA က ၅ ရက်တစ်ကြိမ်ပဲ ဖြတ်ခွင့်ပေးတော့မယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ပင်လောင်း – လွိုင်ကော်လမ်းကို PNA က ဩဂုတ်လ ၁၂ ရက်နေ့ကတည်းက ၁၀ ရက်နီးပါး ပိတ်ထားရာကနေ ဩဂုတ်လ ၂၁ ရက်နေ့မှ ပြန်ဖွင့်ပေးခဲ့ပြီးနောက် အခုလို သတ်မှတ်လိုက်တာပဲ ဖြစ်ပါတယ်။
“ဒီလိုဆို တော်သေးတာပေါ့။ အရင်ရက်တွေကဆို ဘယ်လိုလုပ်ရမယ်မှန်းတောင် မသိဘူး။ သွားလည်းမရ၊ ပြန်မယ်ဆိုလည်း ဆီဖိုးနဲ့ မကာမိ၊ အိပ်စောင့်မယ်ဆိုလည်း စားဖို့သောက်ဖို့က မပါ” လို့ ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။
အခုလို ဖြတ်သန်းခွင့် ရက်တွေကို ကြေညာပေးထားပေမယ့် PNA က ယာဉ်တိုင်းကို သေချာစစ်ဆေးသွားမှာ ဖြစ်ပြီး မသင်္ကာတဲ့ ယာဉ်တွေကို ရက်ပိုင်း ဆိုင်းငံ့သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
“အရမ်းတော့ ဝမ်းမသာရဲဘူး။ ဒီကားကို မင်္ကာဖြစ်တယ်၊ ဒီကားကိုတော့ ဖြတ်ခွင့်ပေးမယ်ဆိုတာက သူတို့ ပါးစပ်မှာပဲ ရှိတာလေ။ ဟိုရက်ကဆို အကုန်သိမ်း၊ ခွေးပါ သိမ်းသွားလို့ ပိုင်ရှင်ကလေးမလေးက ထိုင်ငိုနေရတာ” လို့ စစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။
PNA တပ်ဖွဲ့ဝင်တွေဟာ ပင်လောင်းမြို့နယ်၊ နောင်ပီစစ်ဆေးရေးဂိတ်မှာ အထိုင်ချထားပြီး နန်းတောင်လမ်းဆုံကနေ ကရင်နီပြည်ကို သွားလာမယ့် ကားတွေကို စစ်ဆေးနေတာပဲ ဖြစ်ပါတယ်။
နောင်ပီစစ်ဆေးရေးဂိတ်မှာ ဆေးဝါး၊ ဆန်အပါအဝင် သယ်လာတဲ့ ရိက္ခာတွေ သိမ်းဆည်းနေပြီး ကရင်နီပြည်မှတ်ပုံတင် (၂ မျဉ်းစောင်း) ကိုင်ဆောင်ထားသူတွေ မဟုတ်ခဲ့ရင်တောင် အနည်းငယ်ရစ်တာတွေ ရှိတယ်လို့ ယာဉ်မောင်းတွေက သတိပေးထားပါတယ်။
MK-014








