မဲခေါင်၊ ဩဂုတ် ၂၂
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စားသုံးဆီပြတ်လပ်နေတာကြောင့် ဝက်ဆီဖတ်နဲ့ အစားထိုး ချက်ပြုတ်နေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
၂၀၂၄ ခုနှစ် ဇွန်လပိုင်းကတည်းက စားသုံးဆီ ပြတ်လပ်နေသလို ဈေးကွက်အတွင်း ဈေးအဆမတန်မြှင့်တက်နေတာကြောင့် ဝက်ဆီဖတ် အကြွင်းကျန်တွေကို ဝယ်ယူပြီး ဆီထုတ်ယူကာ ချက်ပြုတ်နေရတာပါ။
“စားအုန်းဆီတောင် မဝယ်နိုင်တော့တဲ့ အဖြစ်ပါ။ ရှိတာလေးနဲ့ပဲ အဆင်ပြေအောင် ချက်ပြုတ်နေရတာပေါ့။ တခါတလေကျတော့ အပြုတ်တွေစားပေါ့။ ခြံထဲ အရွက်လေးဘာလေး စိုက်ပေါ့” လို့ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။
စစ်ဘေးရှောင်တွေဟာ စားသုံးဆီပြတ်လပ်နေတဲ့ ကာလတွေအတွင်း အရွက်ရေလုံပြုတ်၊ အထောင်း၊ ဟင်းရည်နဲ့ ဆန်ပြုတ်တွေသာ စားသောက်နေရပြီး အသားဝယ်မစားနိုင်တော့ဘူးလို့ ဆိုပါတယ်။
“ကင်ဆာ ဖြစ်နိုင်တယ်။ အဆီပိတ် လေဖြတ်တတ်တယ်။ သွေးတိုးမယ် ဒါတွေလည်း ကျမတို့ သိတယ်။ ဒီနည်းပဲ အဆင်ပြေလို့ ဒီလိုပဲ လုပ်နေရတာ” လို့ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ဆက်ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ဆန်ပြတ်လပ်နေသလို တစ်ခါတစ်လေ ဆန်ဝင်ချိန်မှာလည်း တစ်အိတ်ကို ၂ သိန်းကျော် ပေါက်ဈေးရှိပြီး ကြက်ဥတစ်လုံး ၆၀၀ ကျပ်နဲ့ စားအုန်းဆီ တစ်ပိဿာ ၂ သောင်းခွဲကျပ်ဝန်းကျင် ရှိတယ်လို့ စုံစမ်း သိရပါတယ်။
MK-014








