မဲခေါင် ဩဂုတ် ၁၉
ကချင်ပြည်နယ်၊ ဗန်းမော် ခရိုင်၊ မိုးမောက်မြို့ရှိ စစ်ကောင်စီရဲ့ ခမရ ၄၃၇ တပ်စခန်းကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“၄၃၇ ကို အခု ညနေ ၃ ဝန်းကျင်ခန့်က အပြီးသတ် ရှင်းလင်း သိမ်းပိုက်လိုက်ပြီ” လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတွေက တပ်စခန်းကနေ ဖရိုဖရဲ ထွက်ပြေးကုန်ပြီး လိုက်လံ ပစ်ခတ်ရှင်းလင်းနေရကာ စစ်ကောင်စီဘက်ကလည်း လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ဗုံးကြဲ ပစ်ကူနေတယ်လို့ သူက ပြောပါတယ်။
ဒီနေ့ မနက် အစောပိုင်းကတည်းက အဲဒီ ခမရ ၄၃၇ တပ်စခန်းထဲ ဝင်နိုင်ပြီ ဖြစ်ပေမယ့် ရှင်းလင်းရေးတွေ လုပ်နေပြီး ညနေ ၃ နာရီ ဝန်းကျင်လောက်မှ လုံးဝ အပြီးသတ် ရှင်းလင်းပြီး သွားတယ်လို့ ဆိုပါတယ်။
“ဒီမနက် မိုးမောက် ခမရ ၄၃၇ ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ သံချပ်ကာ ကား ၃ စီးကို လမ်းမှာ ဖြတ်တိုက် ဖျက်ဆီး လိုက်နိုင်တယ်။ လက်နက်မျိုးစုံလည်း သိမ်းရတယ်” လို့ နောက် ထပ် သတင်း ရင်းမြစ် တစ်ဦးက ပြောပါတယ်။
သံချပ်ကာ ကား အပါအဝင် လက်နက်ခဲယမ်း အစုံ တင်ဆောင်လာတဲ့ စစ်ကောင်စီကား ၅ စီး ထဲက ၃ စီး ဖျက်ဆီး လိုက်ပြီး ၁ စီးကို သိမ်းဆည်းရရှိကာ နောက် တစီးက ဗန်းမော် ဘက် လှည့်ပြေးသွားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီ ၃၁၉၊ ၆၀၁၊ ၄၇၊ ၅၆၊ ၃၂၆ စခန်းတွေ ရှိသေးကြောင် သိရပါတယ်။
မိုးမောက် ခမရ ၄၃၇ က စစ်ကောင်စီရဲ့ အဓိက အရေးပါ အချက်အချာကျတဲ့ စခန်း တစ်ခုဖြစ်ပြီး အဲဒီ စခန်းကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက လနဲ့ချီ ဝိုင်းဝန်း ပိတ်ဆို့ထားတာဖြစ်ပါတယ်။
CJ-008








