မဲခေါင်၊ ဩဂုတ် ၁၆
ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ စစ်ကောင်စီရဲ့ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်မှူးနဲ့ ရုံးအုပ်က Non-CDM ဝန်ထမ်းတွေရဲ့ လစာ ၆ လစာ ကျပ်သိန်း တစ်သောင်းကျော်ကို အလွဲသုံးစားလုပ်ထားတယ်လို့ ဌာနဆိုင်ရာ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်တဲ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း စစ်ကောင်စီလက်အောက်ခံ Non-CDM တွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး မေလလယ်လောက်မှာ ပြန်ရောက်လာခဲ့ပေမယ့် လစာ ၆ လစာကတော့ မရရှိသေးဘူးလို့ ဆိုပါတယ်။
“စစ်ပြေးကာလမှာ ဝန်ကြီးချုပ်က အမိန့်မပေးရဘူးဆိုပြီး သူတို့ ထုတ်စားနေတာ။ ဝန်ထမ်းအကုန်တော့ မဟုတ်ဘူး။ ဒီကာလအတွင်း အသစ်ခန့်ထားတာတွေ” လို့ Non-CDM သတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။
လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲဖြစ်နေတဲ့အတွက် Non-CDM တွေရဲ့လစာတွေကို မြန်မာစီးပွားရေးဘဏ်ထဲမှာ သိမ်းထားတာမဟုတ်ဘဲ စစ်တပ်မှာ အပ်နှံထားပြီး ဝန်ထမ်းတွေကို လစာထုတ်ပေးနေရတာပါ။
လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ Non-CDM ဝန်ထမ်းတွေကို လစဉ်ပုံမှန်ပေးနေပေမယ့် အရင်က ၆ လစာကို မပေးသေးတာဖြစ်ပြီး ငွေပမာအနေနဲ့ သိန်း ထောင်ချီရှိတယ်လို့ သိရပါတယ်။
လွိုင်ကော်မြို့ကို စစ်ကောင်စီ ပြန်လည်စိုးမိုးထားတဲ့နောက်ပိုင်း ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေအတွက် မြို့ပေါ်ဆောက်လုပ်ရေးပစ္စည်းဆိုင်မှာလည်း ပစ္စည်းတွေ အကြွေးယူပြီး ဆောက်လုပ်ခဲ့ရာ ကျပ်သိန်း ၆၀၀၀ ကျော်အကြွေးတင်နေပြီး ဘယ်ရက်ပေးမလဲဆိုတာလည်း မသိရသေးဘူးလို့ ဆိုပါတယ်။
လွိုင်ကော်မြို့ကို စစ်ကောင်စီက အလုံးစုံထိန်းချုပ်နိုင်ပြီလို့ ကြေညာထားပေမယ့် လတ်တလောမှာ မိုင်းလုံး၊ ရွာတန်းရှည်၊ ပန်ကန်း၊ GTC တက္ကသိုလ် စတဲ့နေရာတွေမှာ တိုက်ပွဲပြင်းထန်နေသေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။
MK-015








