မဲခေါင်၊ သြဂုတ် ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသက ဖောင်တော်ဦးဘုရားပွဲတော် လုံခြုံရေးကြောင့် မကျင်းပဖြစ်ဘူးလို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ ဘုရားဂေါပက အသိုင်းအဝန်းဆီက သိရပါတယ်။
ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုကြောင့် မကျင်းပဖြစ်ခဲ့တဲ့ ဖောင်တော်ဦးပွဲတော်ကို မနှစ် ၂၀၂၃ ခုနှစ်က စစ်ကောင်စီဖိအားနဲ့ ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ မကျင်းပဖြစ်ဘူးလို့ သိရပါတယ်။
“လုံခြုံရေးမကောင်းလို့လို့ ကြားတယ်၊ လာမယ့် သီတင်းကျွတ်လဆန်း ၁ ရက်က လပြည့်ကျော် ၃ရက်(အောက်တိုဘာ ၃ ရက်ကနေ ၂၀ ရက်အထိ) လက်ရှိစံကျောင်းမှာပဲ အပူဇော်ခံမယ်”လို့ ဖောင်တော်ဦးဂေါပကနဲ့ နီးစပ်သူ ၁ ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဖောင်တော်ဦး ပွဲတော်ဟာ မှတ်တမ်းဝင် ဘုရားပွဲတော်ဖြစ်ပြီး ဒေသခံအင်းသူအင်းသားတွေ အထင်ကရ ပူဇော်ကြတဲ့ပွဲတော်ဖြစ်ကာ ကိုဗစ်ရောဂါနဲ့ အာဏာသိမ်းမှုကြောင့် ၂၀၂၀ ခုနှစ်က ၂၀၂၂ ခုနှစ်ထိ မကျင်းပဖြစ်ပဲ ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီက တိုင်းပြည်အေးချမ်းနေသယောင်ပြချင်လို့ အဓမ္မဖိအားနဲ့၂၀၂၃ ခုနှစ်မှာ ပြုလုပ်ခဲ့တာဖြစ်ပေမယ့် ဒီနှစ်မှာတော့ စစ်မြေပြင်တိုင်းမှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ ဟန်ပြမလုပ်နိုင်တော့အောင် အခြေအနေထဲရောက်နေလို့မလုပ်နိုင်တာလို့ ပြောကြပါတယ်။
“ဒေသ လူမျိုး၊ ဓလေ့ ထုံးတမ်းစဉ်လာ ရိုးရာ ယဉ်ကျေးမှုပွဲတော် မဟုတ်တော့ပါဘူး၊ ကြွချင်ကြွမယ်၊ မကြွချင်မကြွပါ၊ လုပ်ပွဲဖြစ်သွားပြီ”လို့ ဒေသခံ တစ်ဦးက မှတ်ချက်ပြုပါတယ်။
ဖောင်တော်ဦးဘုရားပွဲတော်ဟာ ဗုဒ္ဓရုပ်ပွားတော်တွေကို ဖောင်တော်ဦးဘုရားကနေ အင်းလေးဒေသထဲက ၂၁ ဌာနကို ကြွချီအပူဇော်ခံတဲ့အနေနဲ့ ဒေသစာရီကြွချီတာဖြစ်ပြီး အနယ်နယ်အရပ်ရပ်က လာရောက်ဖူးမျှော်ကြတာဖြစ်ကာ ယခုနှစ်မှာတော့ ဖောင်တောင်ဦး ရတနာစံကျောင်းတော်မှာပဲ အပူဇော်ခံမယ်လို့ သိရပါတယ်။
လက်ရှိမှာ တော်လှန်ရေးတပ်တွေဟာ အင်းလေးကန်တောင်ပိုင်းဘက်ကို ရောက်ရှိနေပြီး အင်းလေးသို့အပြန် ကြွေးကျော်သံနဲ့ စစ်ကောင်စီနဲ့လက်အောက်ခံ PNO တွေ၊ ပျူစောထီးတွေ၊ ပြည်သူ့စစ်တွေကိုအပြင်းအထန် တိုက်ခိုက်နေတာလို့ သိရပါတယ်။
MK-012










