မဲခေါင်၊ ဩဂုတ် ၁၄
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ စက်သုံးဆီပြတ်လပ်မှု အဆိုးဆုံး ကြုံနေရပြီး ဓာတ်ဆီတစ်လီတာရဖို့အတွက် မနက် ၂ နာရီကတည်းကနေ တစ်နေကုန် တန်းစီနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စက်သုံးဆီ ဘယ်ရက်၊ ဘယ်အချိန်မှာ ဝင်မယ်ဆိုတာ ဆီပန့်က အသိမပေးသလို ဆီပန့်တိုင်းက ဆီရတဲ့ရက် မတူညီတာကြောင့် တန်းစီပြီး ကိုယ့်အလှည့်ရောက်မှ ဆီကုန်တာတွေလည်း ကြုံနေရတယ်လို့ ဆိုပါတယ်။
“အလယ် BOC ရောက်ဖို့ကို မြင်းရုပ်ကနေ တန်းစီရတယ်။ ကံစမ်းမဲပဲဗျာ့။ ပေါက်ရင်လည်း ပေါက်၊ မပေါက်တော့လည်း ပြန်ပေါ့” လို့ တန်းစီနေသူ တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက စက်သုံးဆီ အခက်အခဲ ဖြစ်ပေါ်နေပေမယ့် ဆိုင်ကယ်တစ်စီးကို ၅,၀၀၀ ကျပ်၊ ကားတစ်စီးကို ၂၀,၀၀၀ ကျပ် ရောင်းပေးခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လအစပိုင်းမှာတော့ စက်သုံးဆီ ပိုမိုခက်ခဲလာတာနဲ့အတူ ဆိုင်ကယ်တစ်စီး တစ်လီတာနှုန်း၊ ကားတစ်စီး တစ်သောင်းကျပ်ဖိုးအထိသာ ရောင်းချပေးနေပြီး ပိုက်ဆံရှိတိုင်း ဝယ်လို့ရတဲ့ မှောင်ခိုဆိုင်တွေတောင်မှ ပျောက်ကွယ်သွားပြီလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“အရင်ကဆို ဖေ့စ်ဘွတ်တွေမှာ တစ်လီတာ ၈,၀၀၀ ဘာညာ ရောင်းနေကြတယ်။ တန်းစီတဲ့လူတွေဆိုလည်း ဆိုင်ရှေ့မှာတင် ဖောက်ရောင်းနေကြတာ။ အခုတော့ လူတိုင်း တစ်လီတာရဖို့တောင် မလွယ်တော့ဘူး”
တန်းစီတဲ့နေရာမှာလည်း နေရာဖြတ်ယူတာတွေ၊ နေရာရောင်စားတာတွေ ရှိနေပြီး ဆိုင်ဘက်ကလည်း တစ်စုံတစ်ရာ တာဝန်ယူဖြေရှင်းပေးတာမျိုး မရှိတာကြောင့် ရန်ဖြစ်၊ ဆဲဆိုတာတွေလည်း ကြုံနေရတယ်လို့ သိရပါတယ်။
လက်ရှိ တောင်ကြီးမြို့မှာ နေ့စဉ် ဆီပန့် ၃ ဆိုင်ကနေ အကန့်အသတ်နဲ့ ရောင်းချနေပြီး ၉၂ တစ်လီတာ ၂,၉၀၀ ကျပ်ဝန်းကျင်၊ ၉၅ တစ်လီတာ ၃,၀၀၀ ကျပ်ဝန်းကျင်၊ ဒီဇယ် ၃,၁၀၀ ကျပ်ဝန်းကျင်နဲ့ ရောင်းချနေကြပါတယ်။
MK-014










