မဲခေါင်၊ ဩဂုတ် ၅
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့မှာ စစ်ဘေးရှောင်တစ်ဦး အသတ်ခံရမှုဟာ ၃ ရက်ကြာခဲ့ပေမယ့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မှု မရှိသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။
ဩဂုတ်လ ၂ ရက်နေ့ကတည်းက အေးသာယာနည်းပညာ တက္ကသိုလ်တက်ပြီး ပြန်လာတဲ့အချိန်မှာ အသတ်ခံခဲ့ရတာ ဖြစ်ပြီး ဆိုင်ကယ်နဲ့ဖုန်းလည်း အလုခံလိုက်ရတယ်လို့ ဆိုပါတယ်။
“ဓါးက အချက်ပေါင်းများစွာပဲ။ ရဲကတော့ လာကြည့်ပြီးတော့ ပြန်သွားကတည်းက ပေါ်မလာတော့ဘူး။ စုံစမ်းတာလည်း မရှိဘူး။ မေးခွန်းတောင် သိပ်မမေးဘူး။ အမှုဖွင့်ထားတယ်လို့ ကြားတယ်” လို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
နည်းပညာ တက္ကသိုလ်ကျောင်းသား မောင်ဟိန်းထက်အောင်ဟာ အရင်နှစ်တွေကတည်းက မိခင်နဲ့အတူ လွိုင်ကော်မြို့ကနေ ညောင်ရွှေမြို့ကို စစ်ဘေးရှောင်လာသူ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ညောင်ရွှေ – အေးသာယာ လမ်းပေါ်က မြေဖြူရွာမှာ အမျိုးသားတစ်ဦး အသတ်ခံခဲ့ရပြီး ရဲတပ်ဖွဲ့က အရေးယူဆောင်ရွက်တာမျိုး မတွေ့ရသေးပါဘူး။
စစ်အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက အေးသာယာ – ညောင်ရွှေလမ်းတစ်လျှောက်မှာ ခိုးဝှက်လုယက်သူတွေ များလာပြီး နေ့စဉ်သွားလာနေတဲ့ ပြည်သူတွေအတွက် စိုးရိမ်ထိတ်လန့်နေရတယ်လို့ စုံစမ်း သိရပါတယ်။
MK-014








