မဲခေါင်၊ သြဂုတ် ၅
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးကနေ ဟိုပုံးဘက်အထွက် ၄ မိုင် ဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ လာသမျှကားတွေကို စစ်ဆေးပြိး ငွေအတောင်းကြမ်းနေတယ်လို့ ခရီးသွားပြည်သူတွေထံက သိရပါတယ်။
တောင်ကြီးဘက်က ဆီမရလို့ ဟိုပုံးဘက် ဆီသွားထည့်တဲ့ အိမ်စီးကားတွေကအစ ဟိုပုံးကနေလာတဲ့ ကားတွေအဆုံး အားလုံးကို ရက်ပိုင်းအတွင်း ကားတိုင်းကို ရပ်တန့်ခိုင်းပြီး ငွေတောင်းကြမ်းနေတာလို့ သိရပါတယ်။


“၄ မိုင် ဂိတ်မှာ လဲ စစ်တယ်၊ ဦးထုပ်ဖြူတွေက သတ်သတ်စစ်တယ်၊ ၂နေရာလုံးပေးနေရတယ်၊ ဝစ်သောက်ကတော့ လာထား အနည်းဆုံး ၂ သောင်းပဲ၊ အရင်က ၅ ထောင်ဆိုရတယ်၊ ခုရက်ပိုင်း တအားအတောင်းကြမ်းနေတာ၊ တောင်ကြီးတောင် မတက်ရဲအောင်ဖြစ်နေတယ်” လို့ဟိုပုံးမြို့နေသူ ၁ ဦးက မဲခေါင်ကို ပြောပါတယ်။
လိုင်စင်ကားကတော့ မပေးရပေမယ့် ကားတိုင်းကို ရပ်တန့်စစ်ဆေး ငွေတောင်းနေတာလို့ဆိုပါတယ်။
“တောင်ကြီးမှာ ဆီမရလို့ ဟိုပုံးဘက် တန်းမစီရဘူး ပြောလို့ သွားတာ လမ်းမှာတင် ၂ သောင်းကုန်သွားတယ်၊ အပြန်တောင် အလာတုန်းက ပေးပြီးပြီပြောတာကို ထပ်ရစ်နေသေးလို့ ၅ ထောင်ပေးခဲ့ရတယ်”လို့ တောင်ကြီးကနေ ဟိုပုံးဆီဆိုင်ကို ဆီသွားထည့်တဲ့ တောင်ကြီးသစ်တောရပ်ကွက် သူ ၁ ဦးက မဲခေါင်ကို ပြောပါတယ်။
စစ်ကောင်စီ ယာဉ်ထိန်းတွေဟာ ရက်ပိုင်းအတွင်း ဆီစျေးတွေမြင့်တက်လာပြီး မိုးဆက်တိုက်ရွာနေတာတောင် လမ်းဘေးမှာ မိုးအစိုခံကာ ငွေတောင်းနေကြတာလို့ သိရပါတယ်။
ကုန်တင်ကားကြီးတွေနဲ့ ခရီးသည်တင်လိုင်းကားတွေကတော့ တားစရာမလိုဘဲ ရပ်ပြီးပေးရတဲ့ အစဉ်အလာ ရှိနေတာကြောင့် အိမ်စီးခရီးသွားကားတွေကို ရပ်တန့်ခိုင်းပြီး ငွေတောင်းနေတာလို့ သိရပါတယ်။
၄ မိုင် တားဂိတ်ကတော့ စစ်ကောင်စီတပ်ဖွဲ့တွေ က စစ်နေးနေပြီး မသင်္ကာတဲ့ကားတွေဆို အစစ်ဆေးများနေတယ်လို့ သိရပါတယ်။
MK-012








