မဲခေါင်၊ သြဂုတ် ၁
စက်သုံးဆီပြတ်တောက်မှုကြောင့် ပြည်တွင်းလေကြောင်းလိုင်းတွေအတွက် လက်ရှိအချိန်ထိ လေယာဉ်ပျံဆီ ရနိုင်သေးပေမယ့် ပြည်ပလေကြောင်းလိုင်းတွေအတွက် ဆီမရနိုင်တော့လို့ ကုန်တင်လေယာဉ်တွေ ကုန်ပို့တာတွေ နောက်ကျပြီး ဆီထပ်မံမရရှိပါက ရပ်တန့်ရမယ့်အနေအထားဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
နိုင်ငံခြား လေယာဉ်တွေဟာ မြန်မာနိုင်ငံမှာ ဆီမထည့်နိုင်တော့လို့ အသွားအပြန်ဆီထည့်ပြီးလာနေရတဲ့အတွက် ကုန်တွေမတင်နိုင်တော့တာလို့ ရန်ကုန်လေဆိပ် အလုပ်သမားတွေထံက သိရပါတယ်။
“ကုန်တွေတော့ မပါသလောက်ပဲ အရင်ကဆို ကုန်တင်လေယာဉ်ဆီ တစ်ရက်ထဲနဲ့တောင် အတော်သယ်ကြရတာ၊ အခု နှစ်ရက်ရှိပြီ ၊ ကုန်တင်ယာဉ်တွေ မလာတော့တာ”လို့ မင်္ဂလာဒုံ၊ လေဆိပ်လုပ်သား ၁ ဦးကို မဲခေါင်က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ရန်ကုန်-စင်ကာပူကို ပျံသန်းပစ္စည်းသယ်ဆောင်နေတဲ့ Cargo flight တွေ အကြောင်းအမျိုးမျိုးကြောင့် ပုံမှန်မရှိနိုင်ဘူးလို့ MTTK Logistcs Cargo ကုမ္ပဏီ လည်း မနေ့က လူမှုကွန်ရက်မှာ ကြေညာလာပါတယ်။
“ဆီကြောင့်ပါ၊ အရေးကြီးပါဆယ်ဆိုရင် ရက်များများကြိုပို့ပေးပါ၊ ထုတ်ရက်ကတော့ လေယာဉ်ပေါ်မှာ မူတည်ပါတယ်”လို့ ကုမ္ပဏီကုန်လက်ခံဌာနက မဲခေါင်က စုံစမ်းမှုကို ဖြေကြားပါတယ်။
ကြေညာချက်မှာ လေယာဉ်ဆီမရ၍ Cargo Flight များမထွက်နိုင်ပါသဖြင့် ယခုရက် Cargo များ အချိန်မီရောက်ရန် မလွယ်ပါ လို့ ဖော်ပြထားပြီး လေယာဉ်ဆီ ပြန်ရလို့ ပုံမှန်ပြန်ထွက်လျှင် အဆင်ပြေပါမည် လို့ ပါရှိတာတွေ့ရပါတယ်။
ပြည်တွင်းလေကြောင်းလိုင်းတွေအနေနဲ့လည်း လောလောဆယ် ဆီရပေမယ့် အသွားအပြန်ထည့်ပျံသန်းရတာဖြစ်လို့ ခရီးသည်တွေသာ တင်နိုင်ပြီး ကုန်တွေ မတင်လာနိုင်တော့ဘူးလို့ သိရပါတယ်။ လေယာဉ် ၁စီးဟာ အနည်းဆုံး ဆီဂါလံ ၁၀၀၀ လောက်ထည့်ရတယ်လို့ သိရပါတယ်။
“ဒေါ်လာပြတ်နေပြီလေ၊ ဒေါ်လာပြတ်ရင် နိုင်ငံခြားသွင်းကုန်လဲ ပြတ်မှာပဲ၊ နိုင်ငံခြားလေယာဉ်တွေကျတော့ သူတို့ကို ပြန်ရောင်းဖို့ ကိုယ့်နိုင်ငံက ဆီရှိနေဖို့လိုတယ်၊ မရှိလို့ဟိုက ထည့်လာရတော့ ခရီးသည်ဝိတ်လောက်ဘဲ တင်နိုင်တော့ ကုန်တွေ မတင်နိုင်တော့ဘူးပေါ့”လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
စစ်ရေးသတင်းအချက်အလက်တွေ ဖော်ပြနေတဲ့ CDM ဗိုလ်ကြီးဇင်ယော်ကတော့ “လေယာဉ်ပျံဆီ အရပ်ဘက်ကို ကန့်သတ်လိုက်တာဟာ စစ်တပ်သုံးဖို့အတွက် ထပ်မံစုဆောင်းတာပါ၊ ပိုပြီးသုံးလာနိုင်တယ်”လို့ ပြောပါတယ်။
အာဏာသိမ်းပြီးစကတည်းက စစ်ကောင်စီဟာ လေယာဉ်ပျံဆီတွေကို စတင်စုဆောင်းခဲ့တာဖြစ်ပြီး မန်းသံပုရာကန်ကနေ မိတ္ထီလာ ထောက်ပံ့နဲ့ပို့ဆောင်ရေးတပ် ရထပ-၁ ကို ဆီသယ်ယဉ်တွေ ပုံမှန်သွားလာဆဲဖြစ်ပြီး ရထပ-၁ ကနေ ဆက်လက်ဖြန့်ဖြူးနေဆဲလို့ ပြောပါတယ်။
ယနေ့ သြဂုတ်လ ၁ ရက် စျေးကွက်မှာ အမေရိကန် ၁ ဒေါ်လာ ၅၄ဝဝ ကျော်နဲက အခေါက်ရွှေစျေး ၆၈ သိန်း ၂သောင်းအထိ စံချိန်တင်မြင့်တက်နေတယ်လို့သိရပြီး ဆက်လက်မြင့်တက်နိုင်ချေရှိတယ်လို့ သိရပါတယ်။
MK-012








