မဲခေါင်၊ ဇူလိုင် ၃၁
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ ၊ ဆီဆိုင်မြို့မှာ မပေါက်ကွဲသေးတဲ့ စစ်လက်ကျန်ပစ္စည်းတွေ ရှိနေသေးပြီး ယခုထိ ရှင်းလင်းခြင်းမရှိလို့ ပြည်သူတွေ အခက်တွေ့နေတယ်လို့ဒေသခံတွေဆီက သိရပါတယ်။
ဆီဆိုင်မြို့ပေါ် ၆ ရပ်ကွက်သာမက စစ်မြေပြင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ကျေးရွာတွေမှာလည်း မိုင်းတွေ၊ ဗုံးတွေ ဘယ်အဖွဲ့ကမှ လာရောက် တာဝန်ယူ ရှင်းလင်းတာမရှိသေးဘူးလို့ပြောပါတယ်။
“မနေ့က မိုးကြီးတော့ အိမ်ရှေ့က ရေမြောင်းထဲမှာ မျောပါလာတာလား၊ အမှိုက်တွေ မရှိတော့လို့ ပေါ်လာတာလား မသိဘူး” လို့ ဆီဆိုင်မြို့၊ အောင်ချမ်းသာ ရပ်ကွက်နေပြည်သူတစ်ဦးက သူရဲ့ လူမှုကွန်ရက်မှာ ရေးသားပါတယ်။
ဇွန်လပိုင်းအတွင်းမှာလည်း နောင်ရင်းရွာက ကလေးတစ်ဦး မိုင်းနင်းမိခဲ့ပြီး ခြေပြတ်ခဲ့သလို ရွာသားတစ်ဦးဟာလည်း ရေခပ်ရင်း မိုင်းနင်းမိလို့ ခြေပြတ်ခဲ့ပါတယ်။ ဒါ့အပြင် ၇၁ နှစ်အရွယ် မြကန်သာရပ်ကွက်နေသူ တစ်ဦးဟာလည်း ခြံရှင်းစဥ် မိုင်းနင်းမိလို့ ခြေပြတ်ခဲ့ရပါသေးတယ်။
ပအို့ဝ်းလူငယ်အဖွဲ့အစည်း (PYO) က ကောက်ယူထားတဲ့ စာရင်းတွေအရ ရှမ်းပြည်တောင်ပိုင်း တိုက်ပွဲ ၁၅၄ ရက်အတွင်း အရပ်သားသေဆုံးမှု ၉၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၄၈ ဦး ရှိခဲ့တယ်လို့ ဇူလိုင် ၁၃ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MK-012








