မဲခေါင်၊ ဇူလိုင် ၁၇
ရှမ်းမြောက်၊ ကျောက်မဲမြို့၊ ရပ်ကွက်-၈ က ကားဘက္ထရီ ဝပ်ရှော့ပြုပြင်တဲ့ အိမ်ဆိုင်ဝင်းအတွင်း ဇူလိုင်လ ၁၆ ရက် ညနေပိုင်းက စစ်ကောင်စီကပစ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ပြင်ဖို့အပ်ထားတဲ့ကားတွေနဲ့ အဆောက်အဦး မီးလောင်သွားတယ်လို့ သိရပါတယ်။
TNLA နဲ့ စစ်ကောင်စီ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရပ်ကွက်-၈၊ နယ်မြေ-၃ အခွန်လွတ်စျေးအနီး က ကားဘက္ထရီပြုပြင်ရေးဝပ်ရှော့အတွင်းကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ မီးလောင်ပျက်စီးတာလို့ သိရပါတယ်။
“ဟိုလို ဝပ်ရှော့အကြီးတော့မဟုတ်ဘူး၊ အဓိက ကားဘက္ထရီပြင်တာပေါ့၊ အားလုံးမီးဝိုင်းငြိမ်းကြတာ၊ ပထမတော့ ပရဟိတအသင်းနဲ့လူငယ်တွေအရပ်သားတွေပေါ့၊ နောက်တော့ TNLA တွေတောင်လာကူတယ်၊ လူနိုင်လိုက်လို့ အခြားနေရာတွေ မီးမကူးတာ”လို့ ကျောက်မဲ ရပ်ကွက်-၂ နေသူ ၁ ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
TNLA နဲ့ စစ်ကောင်စီတို့ အပြန်အလှန်ပစ်တာမှာ TNLA က စစ်ရေးပစ်မှတ်တွေဖြစ်တဲ့ စကခ-၁ နဲ့ ခမရ-၅၀၁၊ ၅၀၂ ဘက်တွေကိုပစ်ခတ်ပေမယ့် စစ်ကောင်စီဘက်ကတော့ TNLA ရှိမယ်ထင်တဲ့ လူနေရပ်ကွက်တွေ၊ အဆောက်အဦတွေကို ပစ်ခတ်နေလို့ အများပြည်သူတွေ ထိခိုက်နေတာဖြစ်ပြီး မနေ့က တနေ့တည်း အရပ်သားပြည်သူ ၁ ဦးသေ ၄ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ကျောက်မဲမြို့ အနေအထားကတော့ မြို့တွင်း အဝင်အထွက်တွေ ရှိလာနေသလို ဆန်၊ စက်သုံးဆီ၊ စားဆီတွေ နည်းပါးလာနေပြီး အိမ်ဆိုင်လေးတွေ ဖွင့်တာရှိလာနေသလို စားသောက်ဆိုင်လေးတွေလဲ ပြန်ဖွင့်လာတာတွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနက်ပိုင်းမှာ ကုန်စုံဆိုင်၊ ဆေးဆိုင် နဲ့ အသားဆိုင်တွေဖွင့်လှစ်လာနေသလို စျေးဝယ်သူတွေလည်း ရှိလာနေတာသိရပါတယ်။ ဗဟိုစျေးကြီးထဲက ဆိုင်တချို့တောင်ဖွင့်လှစ်တာတွေ့ရတယ်လို့ပြောပါတယ်။
TNLA တပ်ဖွဲ့တွေ စစ်ဆေးမေးမြန်းတာရှိပေမယ့် အကြမ်းမဖက် မရိုင်းစိုင်းဘဲ မေးမြန်းတာတွေကို ဒေသခံပြည်သူတွေ အံ့သြနေကြပြီး ဆိုင်ကယ် ဖြည်းဖြည်းစီးဖို့ ကားမှန်ချပြီး မောင်းဖို့ စစ်ဆေးမေးမြန်းတာကြုံရင် ရပ်ပေးပြီး ကောင်းကောင်းမွန်မွန် ပြန်လည်ပြောဆိုဖို့ကို မြို့သားအချင်းချင်း သတိပေး နေကြတယ်လို့ သိရပါတယ်။
မင်္သကာတဲ့ လူအချို့ကိုတော့ ကျောက်မဲသားဟုတ်မဟုတ်၊ သိသူတွေ ရှိမရှိ မေးမြန်းပြီး လိမ်လည်တဲ့သူ ၁ ယောက်ကိုမိတာမှ တပ်ကမြို့အခြေအနေ ထွက်ပြီး စုံစမ်းသူ ၁ ဦးဖြစ်နေလို့ ဖမ်းသွားတယ်လို့ သိရပါတယ်။
လက်ရှိမှာ TNLA က ၄ ရက် ယာယီအပစ်ရပ်တယ်ပြောထားပေမယ့် မိုးမိတ်၊ မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါဘက်တွေမှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။
MK-012








