မဲခေါင်၊ ဇွန် ၂၆
ရှမ်းပြည်တောင်ပိုင်းရှိ တောင်လှန်ရေး အင်အားစုတွေကို စစ်ကောင်စီနဲ့ PNA က သိန်း ၆ ထောင် လာဘ်ထိုးပြီး တော်လှန်ရေးအဖွဲ့တွေကို မကူညီဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ တပ်မတော် (SSPP/ SSA)နဲ့ ဝပြည်သွေးစည်းရေး တပ်မတော် (UWSA)တို့ကို တောင်းဆိုခဲ့တယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စု၊ ဖာလှိုင်ကျေးရွာမှာ ဇွန်လ ၂၄ ရက်နေ့က စစ်ကောင်စီရဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ခွန်စံလွင်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNA)ရဲ့ စီးပွားရေး တာဝန်ခံနဲ့ ဒုစစ်ဦးစီးချုပ် နေဝင်းထွန်းတို့ သွားရောက်ညှိနှိုင်းခဲ့တာ ဖြစ်ပြီး SSPP နဲ့ UWSA တို့ဘက်က ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။
“စစ်တပ်နဲ့ PNA တို့ သွားညှိတာ ဟိုဘက်က လက်မခံတော့ သူတို့ပိုက်ဆံပေးတာ နည်းလို့ထင်ပြီး သိန်းတစ်သောင်းနဲ့ ပြန်ညှိဖို့ လုပ်နေတယ်။ ကျနော်အထင်တော့ SSPP နဲ့ UWSA က လက်ခံမယ့်ပုံ မရှိပါဘူး။ သိန်းတစ်သောင်းဆိုတာက သူတို့ အဖွဲ့အတွက် ဘာမှမဟုတ်တာ” လို့ တပ်တွင်းသတင်းအရင်းမြစ် တစ်ဦးက ပြောပါတယ်။
PNA ဘက်က သိန်း ၆ ထောင်နဲ့ ညှိနှိုင်းဖို့အတွက် ပိုက်ဆံကို ဟိုပုံးမြို့ပေါ်နဲ့ ကျေးရွာတွေဘက်မှာ တစ်အိမ် တစ်သောင်းကျပ် ကောက်ခံခဲ့ပြီး သိန်းတစ်သောင်းနဲ့ ဒုတိယအကြိမ် ညှိနှိုင်းဖို့အတွက် ၃ သောင်းကျပ် နောက်ထပ်တိုးမြင့်ကောက်ခံနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီနဲ့ PNA ဘက်က ညှိနှိုင်းဖို့အတွက် ရာထူးကြီးပိုင်းတွေက သွားရောက်ခဲ့ပေမယ့် SSPP နဲ့ UWSA ဘက်က မြေပြင် တပ်မှူးအဆင့်တွေနဲ့သာ လက်ခံတွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
“သူတို့ ညှိတာက အရေးမကြီးဘူး။ အဲဒီ ပိုက်ဆံတွေကို ပြည်သူဆီကပဲ ကောက်တော့ ဒုက္ခရောက်တယ်လေနော်။ သိန်းတစ်သောင်းလောက်နဲ့ “ဝ”ကိုစကားသွားပြောနေတာ။ ဟိုဘက်ကတောင် စော်ကားတယ်လို့ ထင်သွားဦးမယ်” လို့ ပအိုဝ်းအမျိုးသားရေး လှုပ်ရှားနေသူ တစ်ဦးက ပြောပါတယ်။
ဇန်နဝါရီလ ၂၁ ရက်နေ့ ဆီဆိုင်တိုက်ပွဲစတင်ကတည်းက PNA တစ်ဖွဲ့တည်းကပဲ ပအိုဝ်းဒေသတွေမှာ လူသစ်စုဆောင်းတာ၊ စစ်အသုံးစရိတ် ကောက်ခံတာတွေ ပြုလုပ်ခဲ့ပေမယ့် မေလနောက်ဆုံးအပတ်လောက်ကစပြီး စစ်ကောင်စီတပ်ဘက်ကပါ အပြိုင်လုပ်ဆောင်နေတာကြောင့် ဒေသတွင်း လူငယ်တွေ အနေနဲ့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စုံစမ်းသိရပါတယ်။
MK014








