မဲခေါင်၊ ဇွန် ၁၈
ရှမ်းတောင် ရပ်စောက်၊ ကျောက်ဂူနယ်၊ တောင်ထစ်(လက်ဘက်ခြံ)တောင်သူကုန်းနေရာမှာ ဇွန် ၁၆ ရက် မနက် ၈နာရီခွဲက အင်အား ၈၀ ခန့်ရှိတဲ့ RCSS တပ်ဖွဲ့နဲ့ SSPP နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး RCSS တပ်ဖွဲ့ဝင်တွေက အနောက်တောင်ဘက်ကို ဆုတ်ခွါသွားပြီး လမ်းတစ်လျှောက်က ဒေသခံရွာသားတွေကို ခေတ္တခဏထိန်းသိမ်းထားတာရှိခဲ့တယ်လို့ သိရပါတယ်။
“ဆုတ်သွားတဲ့ RCSS တပ်ဖွဲ့ဟာ လမ်းမှာတွေ့တဲ့ ခရီးသွားတွေကို ခဏထိန်းသိမ်းထားခဲ့တယ်။ သူတို့ဒဏ်ရာရပြီး ဘယ်ဘက်ကို ဆုတ်သွားတာကို မသိစေချင်တာဖြစ်မယ်လို့” ပြန်လွှတ်ပေးလိုက်တဲ့ ဒေသခံတွေက ပြောပါတယ်။
RCSS ဆုတ်ခွါသွားတဲ့ လမ်းတစ်လျှောက် ဒေသခံတွေသွားတဲ့ လမ်းတွေမှာထောင်တဲ့ မြေမြုပ်မိုင်းထောင်ခဲ့တာကြောင့် လယ်ထွန်စက် ၊ ဆိုင်ကယ် တွေ ပျက်စီးရတယ်လို့ SSPP Info က ရှမ်းဘာသာနဲ့သတင်းထုတ်ပြန်လာပါတယ်။


မနေ့ ဇွန်လ ၁၇ ရက် မနက် ၆ နာရီခန့်မှာတော့ ဟိုပုံးနယ် ပါချီး၊ နောင်မွန်ဘက်က ကျေးရွာချင်းဆက်လမ်းပေါ်မှာ RCSS ထောင်ထားတဲ့မိုင်းကြောင့် လယ်ထွန်စက် ၁ စီးနဲ့ ဆိုင်ကယ် ၁ စီးတို့ ထိခိုက်ပျက်စီးတယ်ဆိုပြီး ဒေသခံတွေသတင်းပို့လာလို့ သွားကြည့်ရာက လူသွားလမ်းမှာမြုပ်ထားတဲ့မိုင်း ၄ လုံးကို SSPP တပ်ဖွဲ့ဝင်တွေက ဖော်ထုတ်ရခဲ့တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂ရက်ကပဲ ရပ်စောက်၊နဲ့ဟိုပုံးဒေသခံတွေက ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ ဒေသအတွင်းမှာ တိုက်ပွဲမဖြစ်ဖို့နဲ့လူထုကို ထိခိုက်မှုတွေ မလုပ်ကြဖို့မေတ္တာရပ်ခံစာ ၁ စောင် ထုတ်ပြန်ခဲ့ပေမယ့် RCSS ကတော့ အများအသုံးပြုတဲ့ လမ်းတွေမှာ မိုင်းထောင်တာ SSPP ကို တိုက်ခိုက်တာတွေလုပ်နေဆဲဖြစ်ပေမယ့် ခုချိန်ထိ SSPP အနေနဲ့ RCSS ကို စတင်တိုက်ခိုက်တာမလုပ်သေးဘူးလို့ SSPP ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
MK-012








