မဲခေါင်၊ ဇွန် ၁၃
ရှမ်းမြောက်၊ ကျောက်မဲခရိုင်မှာ ပြောင်းလဲလိုက်တဲ့ မူးယစ်ဆေးဖြတ်အထောက်အကူပြုဆေး မီသားဒုံးမူဝါဒကြောင့် မူးယစ်ဆေးစွဲသူတွေ ဆေးရဖို့ မလွယ်လို့ ဒုက္ခရောက်နေကြတယ်လို့ ကျောက်မဲခရိုင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းက သိရပါတယ်။
လက်ရှိမူးယစ်ဆေးစွဲသူတွေ မီသာဒုံးသောက်ချင်ရင် အိမ်ထောင်စုဇယား၊ မှတ်ပုံတင်၊ ရဲထောက်ခံစာ၊ ရပ်ကွက်ထောက်ခံချက်တွေပြမှသာ သောက်ခွင့်ရရှိတာဖြစ်လို့ မူးယစ်ဆေးသုံးစွဲသူတွေ အခက်အခဲဖြစ်နေတာပါ။
ကျောက်မဲမှာ မူးယစ်ဆေးသုံးစွဲသူတွေ(IDU)အနေနဲ့ မှတ်ပုံတင်ထားရှိတဲ့ မူးယစ်ဆေးစွဲသူ ၁၂၀၀ ကျော်မှာ ၂၀၄ ယောက်ပဲ သောက်ခွင့်ရနေတယ်လို့ ကျောက်မဲ MANA အသင်းက သိရပါတယ်။


“အရင်က အရင်ဆရာဝန်ကြီးလက်ထက်မှာ MaNaက ထောက်ခံတင်ပြလိုက်တဲ့ ဆေးစွဲသူတွေကို ဆေးတိုက်ပေးသလို ဆေးရုံတက်ခလည်း နဲတယ်၊ ခုတော့ တောင်းလာတဲ့ စာရွက်စာတမ်းတွေက မိသားစုတွေက စွန့်ပစ်ထားသူတွေ၊ အိမ်နဲ့အဆက်အဆံမရှိတော့တာ၊ ရဲစခန်းနဲ့ရပ်ကွက်ထဲ မသွားရဲတော့တာတွေကြောင့် ဆေးသောက်ရဖို့ ခက်ခဲယုံသာမက အသက်ကိုထိခိုက်နိုင်တဲ့အထိ ဒုက္ခရောက်နေကြရတယ်”လို့ ကျောက်မဲခရိုင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဥက္ကဌ ဦးတင်မောင်သိန်းက ပြောပါတယ်။
မီသဒုံးဆေး သောက်သုံးမှုအတွက် ပြောင်းလဲလိုက်တဲ့ မူဝါဒမှာ နိုင်ငံတော်က သတ်မှတ်ထားတာမဟုတ်ဘဲ ဆေးရုံရဲ့ဆုံးဖြတ်ချက်အရ ပြောင်းလဲလိုက်တာလို့ ဖြစ်ပြီး ဆေးသောက်သုံးခွင့်ကို အရင်လို ဆေးသုံးစွဲသူ ဆေးဖြတ်ဖို့ရည်မှန်းချက်မူအတိုင်း လွယ်ကူသက်သာအောင်လုပ်ပေးမယ်ဆိုရင် ပိုမိုအဆင်ပြေနိုင်မယ်လို့ MANA ကျောက်မဲအသင်းက သိရပါတယ်။
မီသာဒုံးသောက်ရဖို့ ဆေးရုံတက်ရဖို့ ငွေကြေးလိုအပ်ချက်အပြင် သတ်မှတ်လိုက်တဲ့ စာရွက်စာတမ်းတွေကြောင့် ဆေးစွဲသူတွေအတွက်အခက်အခဲကြုံရပြီး ဒုက္ခရောက်နေရတာလို့ပြောပါတယ်။
ယခင်က မူးယစ်ဆေးစွဲသူတစ်ဦးအနေနဲ့ မှတ်တမ်းဝင်ဖို့နဲ့ ဆေးစွဲမှုအခြေအနေ အနု၊ အရင့်ကို ဆေးစစ်ဖို့ ငွေကျပ် ၁ သောင်းနဲ့ ဆေးရုံ ၃ ရက်တက်ရမှာဖြစ်ပြီး စာရွက်စာတမ်းမရှိက မှတ်တမ်းရယူပြီး ဓာတ်ပုံဖိုးသာကုန်ကျတယ်လို့ဆိုပါတယ်။ လက်ရှိမှာ MANA Working Group က စာရွက်စာတမ်းပြည့်စုံသူတွေရဲ့ စာရင်းတင်ပေးလိုက်သူ ၅ ဦး( ၁ ပတ်လျင်) သာဆေးရုံတက်နိုင်တယ်လို့ သိရပါတယ်။
မီသာဒုံးသောက်ခွင့်ရသူတွေအနေနဲ့ဆေးရုံက စီမံတဲ့အတိုင်းနေ့စဉ်သတ်မှတ်ချိန်အတွင်း ဆေးရုံ၊ ဆေးခန်း သတ်မှတ်တဲ့နေရာကို ကိုယ်တိုင်လာရောက် သောက်သုံးရတာဖြစ်ပြီး မီသာဒုံးမှာ မူးယစ်ဆေးစွဲအထောက်အကူဆေးအဖြစ် နေ့စဉ်သောက်သုံးရတဲ့ဆေးဖြစ်ရာ အချို့မှာ မူးယစ်ဆေးအစား နှစ်ဆယ်ချီသောက်သုံးနေရတယ်လို့ ပြောပါတယ်။
စစ်ကောင်စီအာဏာ သိမ်းပြီးနောက် မီသာဒုံးဆေးတိုက်ကျွေးမှုကို ကျောက်မဲ၊ သီပေါ၊ နောင်ချိုနဲ့ လားရှိုး မြို့ကြီးတွေမှာသာ လုပ်ဆောင်နေပြီးကျန်မြို့တွေမှာ ဆေးဝန်ထမ်းတွေ နည်းပါးတာကြောင့်နဲ့ နယ်မြေအခြေအနေတွေပြောင်းလဲကုန်တာတွေကြောင့် ဆေးစွဲသူထောင်ချီပြီး မီသာဒုံးဆေးသောက်ခွင့် မရတော့တဲ့အတွက် အသက်ဆုံးရှုံးမှုတွေရှိနေတာကြောင့် ဆေးဖြတ်ကုထုံးတွေပြုလုပ်သလို အထောက်အကူပြုဆေးသောက်သုံးခွင့်ကိုလည်းအဆင်ပြေ လွယ်ကူစွာ ပြုလုပ်ပေးစေချင်တာ ဖြစ်ပါတယ်။
MK-012








