မဲခါင် မေ ၂၁
ရှမ်းပြည်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့မှာ တရားမဝင် သတ္တုတူးဖေါ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရင်း အိမ်ငှားနေထိုင်တဲ့ တရုတ်နိုင်ငံသား တစ်ဦးကို ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ဟဲဟိုး ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
တရုတ်နိုင်ငံသား ၃ ဦးဟာ ဘော်ဆိုင်းမြို့၊ ကံသာရပ်ကွက်ရှိ ဒေါ်နန်းဟောင်ရဲ့ အိမ်မှာ အိမ်ငှားနေထိုင်ကာ ခြံဝင်းအတွင်း သတ္တုတူးဖော်တဲ့ လုပ်ငန်း လုပ်ကိုင်နေကြသူတွေ ဖြစ်ပြီး ၂ ဦးဟာ ခရီးသွားခိုက်နဲ့ ကြုံသွားတာကြောင့် တစ်ဦးကိုပဲ ဖမ်းမိလိုက်တာလို့ ဆိုပါတယ်။
ဒေါ်နန်းဟောင်နဲ့ နီးစပ်သူ အမျိုးသား တစ်ဦးက “သူတို့က သတ္တုတူးတာနဲ့ ဝယ်တာ လုပ်နေတာ။ ဒေါ်နန်းဟောင်ကကျတော့ တောင်ပိုင်းနမ့်စန်က တရုတ်မ။ ဘော်ဆိုင်းမှာ နေတာတော်တော်ကြာပြီ။ ဒေါ်နန်းဟောင်အိမ်မှာ အခြေချပြီးတော့မှ သတ္တုလုပ်ငန်း လာလုပ်နေတာ။ ဟိုကလည်း တရုတ်အချင်းချင်းမို့ ကူညီထားတာ” လို့ ပြောပါတယ်။
အလားတူ အဲဒီရက်မှာပဲ ဘော်ဆိုင်းမြို့မှာ သတ္တုတွင်း လုပ်ကိုင်ပြီး တောင်လေးလုံးထောင်အနီး တရားမဝင် နေထိုင်တဲ့ တရုတ်နိုင်ငံသား တစ်ဦးကိုလည်း ရဲက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သတ္တုတွင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ၂ ဦးကို ဟဲဟိုးလေဆိပ်ကနေ တစ်ဆင့် ရန်ကုန်၊ မင်္ဂလာဒုံလေဆိပ်ကို ပို့ဆောင်ပေးခဲ့ပြီး အဲဒီကနေတစ်ဆင့် တရုတ်နိုင်ငံကို တစ်ခါတည်း ပြည်နှင်ဒဏ် ပေးလိုက်တယ်လို့ ကံသာရပ်ကွက်အတွင်း နေထိုင်သူတွေဆီက သိရပါတယ်။
ဘော်ဆိုင်းသတ္တုတွင်းနဲ့ နီးစပ်သူ တစ်ဦးက “သူတို့က အထောက်အထား ပြည့်စုံတယ်။ ဟိုလို ပတ်စ်ပိုစ့် ဘာညာတော့ မရှိပေမယ့် ယာယီခွင့်ပြုချက် ပေးထားတယ် ပြောတာပဲ။ သတ်မှတ်နေရာမှာပဲ နေရတာ။ လဝက အမြဲပိုက်ဆံ လာကောက်နေတာ တွေ့တယ်။ လဝက ပိုက်ဆံရတယ်။ အခုက ရဲက သူပိုက်ဆံမရလို့ ဝင်ဖမ်းတာ” လို့ ပြောပါတယ်။
၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ကလည်း ဒေါ်နန်းဟောင်ရဲ့ နေအိမ်ခြံဝင်းအတွင်းမှာ ခဲသတ္တုတူးဖော်နေတဲ့ အမျိုးသား ၃ ဦး တွင်းထဲချော်ကြတာ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့ဖူးပါတယ်။
ဘော်ဆိုင်းမြို့ သတ္တုတွင်းတွေကို ၂၀၁၂ နှစ်ခုနှစ်လောက်ကတည်းက ခရိုနီ လူနည်းစုနဲ့ တရုတ်နိုင်ငံသားတွေ လာရောက်လုပ်ကိုင်နေပြီး ဒေသခံတွေကို နေ့စားအောက်ခြေသိမ်း နေရာတွေမှာသာ အလုပ်ခန့်ထားတာကြောင့် ဘော်ဆိုင်းမြို့အတွက် တစ်စုံတစ်ရာ အကျိုးမရှိဘူးလို့ သိရပါတယ်။
ဘော်ဆိုင်း ကန်သာရပ်ကွက်အတွင်း ဒေါ်နန်းဟောင်အိမ်မှာနေသူ တရုတ်နိုင်ငံသား ၃ ယောက်အနက် ၂ ယောက်က ခရီးသွားခိုက်ဖြစ်သဖြင့် ၁ ဦးသာဖမ်းမိပြီး တောင်လေးလုံးတွင်နေထိုင်သူ တရုတ်နိုင်ငံသား တစ်ဦးနဲ့ စုစုပေါင်း ၂ ဦးကို ပြည်နှင်ဒဏ်ပေးလိုက်တာဖြစ်ပါတယ်။
ဖမ်းခံရပြီး ပြည်နှင်ဒဏ်ပေးခံရသူနှစ်ဦးမှာ အထောက်အထားပြည်စုံတယ်ဆိုပေမယ့် သတ်မှတ်ထားတဲ့ နေရာမှာ မနေတဲ့အတွက် ရဲက ဖမ်းဆီးခဲ့တာဖြစ်ပြီး တခြားတရုတ်နိုင်ငံသားတွေလဲ ရှိနေသေးတယ်လို့ သိရပါတယ်။
“သူတို့က ကျားဖျံတော့ မဟုတ်ဘူး။ သတ္တုတူးတာနဲ့ ဝယ်တာ။ ဒေါ်နန်းဟောင်ကကျတော့ တောင်ပိုင်းနမ့်စန်က တရုတ်မ။ ဘော်ဆိုင်းမှာ အခြေချပြီးတော့မှသတ္တုလုပ်ငန်း လာလုပ်နေတာ ဘော်ဆိုင်းမှာက လာလုပ်တဲ့သူတွေ ဘယ်တရုတ် ဘယ်တရုတ်ဆိုတာ ဒေသခံတွေ အားလုံး သိတယ်။ ရဲနဲ့ လဝက ဆိုပိုသိတယ်။ သူတို့က တောင်းစားနေကျမလို့။ အဲဒါကို လဝကက ပိုက်ဆံယူထားတော့ ပြဿနာမရှိဘူး၊ ရဲက ပိုက်ဆံမရတော့ ဝင်ဖမ်းလိုက်တာ”လို့ ဒေသခံတွေက ပြောပါတယ်။
သတ္တုတူးဖေါ်ရေးလပ်ငန်းကို ဒေသခံက လက်လုပ်လက်စား တူးဖေါ်ကြပြီး ကုမ္မဏီမှာ ပြန်လည်ရောင်းချခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒေသခံ လက်လုပ်လက်စားတူးဖေါ်သူတွေက စစ်တပ်၊ ရဲနဲ့ အုပ်ချုပ်ရေးမှူးတွေကို သတ်မှတ်ထားတဲ့ အခွန်အခတွေပေးပြိး တူးဖေါ်ရတာလို့ သိရပါတယ်။
ဒေသခံမြေပိုင်ရှင်တွေက “မလိခကုမ္မဏီကလည်းပဲ သူတို့မထင်ရင် မထင်သလို စစ်ကြောင်း ခေါ်ထိုးတယ်။ ဒေသခံ ခြံတွေက သတ္တုထွက်နှုန်း ပစ္စည်းကောင်းလို့ရှိရင် နည်းမျိုးစုံနဲ့ တူးလို့မရအောင် လုပ်တယ်။ စစ်တွေ ခေါ်ထိုးတယ် ရဲတွေခေါ်စစ်တယ်။ ပြီးရင် ဒေသခံတွေက ပိုင်ရှင်တွေက စိတ်ပျက်ပြီး သူတို့ကို ရောင်းအောင် လုပ်တာ။ ဒါတော့ တော်တော်များများ ကုမ္မဏီတွေ လုပ်နေကြတယ်။”လို့ ဆိုပါတယ်။
ဘောဆိုင်း ငွေ၊ ခဲသတ္တုတူးဖေါ်ရေးလုပ်ငန်းကို အဓိက လုပ်ဆောင်သော မြို့ဖြစ်ပြီး ဟဲဟိုးမြို့၏ မြောက်ဘက် ၁၉ မိုင်ကွာ၊ ပင်းတယမြို့၏ အရှေ့ဘက် ၁၂ မိုင်ကွာ၊ ရပ်စောက် ( ဗထူးတပ် ) မြို့၏ တောင်ဘက် ၃၆ မိုင် ကွာတွင် တည်ရှိကာ လူဦးရေ (၅)ထောင်ကျော်နဲ့ ဓနု၊ တောင်ရိုးလူမျိုးစုများ အများစုနေထိုင်သော မြို့ဖြစ်သည်။
MK-014








