မဲခေါင်၊ မေ ၁၆
ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းအောင်လှိုင်ကိုယ်တိုင် ရွှေတြိဂံတိုင်းမှူးဘဝကတည်းက တာချီလိတ်က ကာစီနိုဝိုင်းတွေကို တိုင်းရန်ပုံငွေအဖြစ် ဘတ်သိန်းချီ လိုင်းကြေးယူ ဖွင့်လှစ်ခွင့်ပြုထားခဲ့တာ ဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက မဲခေါင်ကို ပြောပါတယ်။
တာချီလိတ်မြို့ရဲ့ စစ်တပ်ပိုင် ဧရိယာထဲက ရီဂျီးနားကာစီနို၊ Myanmar Allure Group ပိုင်ရှင် တာချီလိတ် Allure ဟိုတယ်နဲ့ ကာစီနိုဖွင့်ထားသူ ဒေါက်တာထွန်းမင်းတတ်တို့ဟာ မင်းအောင်လှီုင်နဲ့ ရင်းနှီးတဲ့ အသိုင်းအဝိုင်းက လောင်းကစားလုပ်ငန်းတွေဖြစ်ပါတယ်။
ဒါ့အပြင် မူယစ်ဆေးဝါးထုတ်တဲ့ ဒေသတွင်း စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်တိုင်းနီးပါးဟာ ထိုင်းနိုင်ငံကို မူးယစ်ဆေးဝါးတင်ပို့ရောင်းချနေသူတွေဖြစ်ပြီး လွန်ခဲ့တဲ့ လပိုင်းအတွင်း မိုင်းဆတ်ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကို မူးယစ်ဆေးဝါးတွေနဲ့ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
တပ်ချုပ်ပြောစကားတွေနဲ့ပါတ်သတ်ပြီး ရှမ်းရှေ့ဒေသခံတစ်ဦးက “ပါးစပ်ထဲတွေ့ရာ လျှောက်ပြောတတ်တာ သူ့အကျင့်နဲ့တူတယ်။ သူနဲ့တွေ့တဲ့ ရှမ်းရှေ့ လုပ်ငန်းရှင်ဆိုတဲ့သူ အများစုက မူယစ်း၊ လောင်းကစားနဲ့ ငွေလိမ်ဂိုဏ်းတစ်ခုခုနဲ့တော့ အနည်းအများပတ်သတ်တဲ့သူတွေဘဲ။ တခြားမကြည့်နဲ့ နိုင်ငံတော်အဆင့် ဆုပေးတဲ့သူ အကုန်လုံးနီးပါး လူကောင်းတစ်ယောက်မှ မပါဘူး။ KTV ကာစီနိုလောင်းကစား၊ မူးယစ်ကုန်သည်တွေနဲ့ ငွေလိမ်ဂိုဏ်တွေကို သူတို့နာမည်ခံဖွင့်ခဲ့တဲ့သူတွေချည်းဘဲ။ တပ်က မသိဘဲ တာချီလိတ်မှာ ဘာမှလုပ်လို့မရဘူး ဒါလူတိုင်းသိနေတာဘဲ” လို့ပြောပါတယ်။
တာချီလိတ်မြို့ပေါ်က ဟိုတယ်လုပ်ငန်းကြီးအများစုဟာ လောင်းကစား၊ KTV လိင်ရောင်းချမှုတွေနဲ့ မူယစ်ဆေးပေါ်တင် ရရှိနေတဲ့နေရာတွေဖြစ်နေပြီး မြို့ပေါ် ကာစီနိုကစလို့ လမ်းဘေး ငါးခုံအဆုံး၊ ဖါခန်း KTV တွေမှာ စစ်တပ်၊ ရဲနဲ့ ဌာနဆိုင်ရာအသီးသီးကို လစဉ်လိုင်းကြေးပေးပြီးဖွင့်လှစ်နေရတာဖြစ်ပါတယ်။
တာချီလိတ်မြို့ပေါ်က ကာစီနိုကြီးတွေမှာ အလှူဟာ၊ ကိုးထပ်၊ ဟိုတယ်တာချီလိတ်၊ J My King(သင်္ဘောဟိုတယ်) ရီဂျီးနား၊ Golden House လို့ဖွင့်ထားပြီး အများစုက စစ်ကောင်စီ တပ်ချုပ်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက လုပ်ငန်းရှင်တွေဖြစ်ကြပါတယ်။
MK-002








