မဲခေါင်၊ ဖေဖော်ဝါရီ ၁၄
သတင်းမီဒီယာတွေအပါအဝင် လာမယ့် ဧပြီလ သင်္ကြန်အပြီးကစပြီး စစ်သားသစ်တွေစစုမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း BBC (မြန်မာပိုင်း)နဲ့ အင်တာဗျူးမှာ ပြောပါတယ်။
စစ်သားသစ်စုဆောင်းတာအတွက် စစ်တိုက်ဖို့အပြင် ကွန်ပျူတာပညာရှင်တွေ စီးပွားရေးပညာရှင်တွေနဲ့ သတင်းမီဒီယာသမားတွေလို ကျွမ်းကျင်ပညာရှင်တွေလည်း လိုအပ်တယ်လို့ ပြောပါတယ်။
အပတ်စဉ် ၁ ခုမှာ လူဦးရေ ၅,၀၀၀ ခန့် ခေါ်ဖို့ လျာထားပြီး အသေးစိတ်ကိုထပ်မံ ထုတ်ပြန်မယ်လို့ ပြောပါတယ်။
အာဏာရှင်ဟောင်း ဦးသန်းရွှေအမိန့်နဲ့ ၂၀၁၀ က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၁၄ နှစ်အကြာမှာ စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်နေ့က အသက်သွင်းလိုက်ပါတယ်။
ဥပဒေပညာရှင်တွေကတော့ မူလပြဌာန်းဥပဒေပါ ရည်ညွှန်းချက်မှာ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ က အမိန့်ကြော်ငြာစာနဲ့ သတ်မှတ်သည့်ရက်တွင် စတင်အာဏာတည်ရမည် ဆိုတဲ့စာသားအရ နအဖ မရှိတော့တာကြောင့် အကျုံးမဝင်ဘူးလို့ ထောက်ပြကြပါတယ်။
MK-012








