မဲခေါင်၊ နိုဝင်ဘာ ၂၉
စစ်ကောင်စီလက်အောက်ခံ ချင်းရွှေဟော် လူဝင်မှုကြီးကြပ်ရေးရုံးက ဝန်ထမ်းနဲ့ မိသားစုဝင်တွေကို လောက်ကိုင်မြို့ကနေအထွက် ချင်းရွှေဟော် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့တယ်လို့ ကိုးကန့်မီဒီယာက ဒီနေ့ နိုဝင်ဘာ ၂၉ ရက် မနက်မှာ ထုတ်ပြန်ပါတယ်။
ချင်းရွှေဟော် လူဝင်မှုကြီးကြပ်ရေးရုံးက တာဝန်ခံ (၁) ဦး၊ ဒုတာဝန်ခံ (၃) ဦးနဲ့ မိသားစုဝင်အပါအဝင် စုစုပေါင်း (၇) ဦးတို့ဟာ နိုဝင်ဘာ ၂၇ ရက်မှာ ဒုက္ခသည်အဖြစ် ရုပ်ဖြတ်ပြီး ထွက်ပြေးစဉ်မှာ MNDAA အရာရှိတစ်ဦးက တွေ့မြင်သိရှိပြီး ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။
အဆိုပါ လဝက ရုံးတာဝန်ခံနဲ့ ဒုတာဝန်ခံ ၃ ဦးဟာ ရှမ်းမြောက်ညီနောင်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်လာတဲ့အချိန်မှာ မိသားစုဝင်တွေကိုခေါ်ဆောင်ပြီး တရုတ်ပြည်ထဲကို ဝင်ရောက်ကာ တိမ်းရှောင်ခဲ့ပြီး ကိုးကန့်ဒေသ ၁၂၅ နယ်စပ်ဂိတ်ပေါက်ကနေထွက်လာပြီး လောက်ကိုင်ကို ပြန်ရောက်ခဲ့တာဖြစ်ပါတယ်။
MNDAA က ချင်းရွှေဟော်မြို့ကိုထိန်းချုပ်ထားပြီးတဲ့နောက် သက်ဆိုင်ရာ လမ်းကြောင်းတွေ ဖွင့်လှစ်ပေးအပြီးမှာ လောက်ကိုင်ဒေသတွင်း ပိတ်မိနေတဲ့ ဒုက္ခသည်တွေဟာ ရှီးယွင်ကြည်ကနေ ချင်းရွှေဟော်ကတဆင့် လုံခြုံတဲ့နေရာကို ရွှေ့ပြောင်းနေကြတယ်လို့လည်း သိရပါတယ်။
လဝကရုံးတာဝန်ခံဇနီးသည်ဟာ ချင်းရွှေဟော်တိုက်ပွဲစတင်တဲ့နေ့မှာ သေဆုံးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံလိုက်ရတဲ့ ရုံးတာဝန်ခံအပါအဝင် ဒုတာဝန်ခံနဲ့ မိသားစုဝင်တွေကို တစ်ညတာချုပ်နှောင်ပြီးတဲ့နောက် နိုဝင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းမှာ လူသားချင်းစာနာထောက်ထားမှုအရ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာကြောင့် လက်ရှိမှာ လားရှိုးဘက်ကို ဆက်ပြီးထွက်ခွာသွားတယ်လို့ MNDAA က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
MNDAA အနေနဲ့ နိုင်ငံရေးရည်မှန်းချက်ဟာ နိုင်ငံတော်အာဏာကို မတရားလုယူတဲ့ စစ်ကောင်စီ အာဏာရှင်တပ်ဖွဲ့ကို တိုက်ဖျက်ခြင်းဖြစ်ပြီး အတင်းအကျပ်ခိုင်းစေသူတွေကို အရေးမယူပေမယ့် နောက်နောင် စစ်ကောင်စီတပ်ဖွဲ့ထံ ဆက်လက်ပြီး တာဝန်မထမ်းဆောင်ဖို့နဲ့ NMDAA နဲ့ တိုင်းရင်းသားအသီးသီးတို့ရဲ့ အကျိုးတွေ ထိခိုက်စေနိုင်တဲ့ အလုပ်မလုပ်ဖို့၊ တွေ့ရှိရင် ပြင်းထန်စွာအရေးယူသွားမယ်လို့ သတိပေးပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
MK – 009
#MeKongNews
#ချင်းရွှေဟော်
#လောက်ကိုင်
#လဝက
#ဖမ်းမိ
#ကိုးကန့်








