မဲခေါင်၊ နို၀င်ဘာ ၁၅
တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက နမ့်ခမ်းမြို့မှာ စည်ပင်သာယာရေး လုပ်ငန်းတွေကို TNLA ဦးဆောင် ပြုလုပ်နေတယ်လို့ သိရပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် နမ့်ခမ်းမြို့ကို TNLA က နိုဝင်ဘာ ၃ ရက်နေ့မှာ စတင် တိုက်ခိုက်ခဲ့ပြီး နို၀င်ဘာ ၇ ရက်နေ့မှာတော့ မြို့ကို ထိမ်းချုပ်နိုင်ခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့ကစပြီး စစ်ကောင်စီရဲ့ စည်ပင်သာယာရေးဌာန အပါအ၀င် ဌာနဆိုင်ရာ ရုံး၀န်ထမ်းတွေ ထွက်ပြေး တိမ်းရှောင်သွားလို့ နမ့်ခမ်းမြို့တွင်း လမ်းမကြီးဘေးမှာ အမှိုက်တွေ ရှုပ်ပွနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“မြို့ထဲမှာ တစ်ချို့က အမှိုက်တွေကို လမ်းဘေးမှာ ပုံပြီး ဖြစ်သလို ပစ်ကြတယ်။ ဒီနေ့ မနက်မှာ TNLA က အမှိုက်တွေကို ကားနဲ့ ရှင်းသွားပြီ။ အခုတော်တော်များ သိမ်းပြီးသွားပြီ” လို့ နမ့်ခမ်းမြို့ခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
မူဆယ်မြို့နဲ့ နမ့်ခမ်းမြို့နယ်မှာ “၁၀၂၇ စစ်ဆင်ရေး” အရေးပေါ် ကာလ အတွင်း ပြည်သူလူထုရဲ့ လုံခြုံရေးနဲ့ စစ်ဘေးအန္တရယ် ကင်းဝေးဖို့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းကို မနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ TNLA က ထုတ်ပြန်ထားပါတယ်။
“အဓိက ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ဖို့ပေါ့။ စားသောက်ကုန်တွေကိုလည်း ဈေးအဆမတန် တင်ရောင်းလို့ မရဘူးလို့ TNLA က စာထုတ်ထားတာ တွေ့တယ်။ အဲလို စည်းကမ်းချက်တွေ ထုတ်တော့ ကောင်းတယ်” လို့ နောက်ထပ်မြို့ခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
လက်ရှိ မြို့ပတ်လည်နဲ့ မြို့တွင်းကို TNLA တပ်တွေ ထိန်းချုပ်ထားပြီး မြို့ကတော့ ပုံမှန် လည်ပတ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိ နမ့်ခမ်းမြို့နယ်ကို TNLA က အလုံးစုံ သိမ်းပိုက်နိုင်ဖို့ မြို့ပြင်က စစ်ကောင်စီ စခန်းသစ် တပ်စခန်း တစ်ခုသာ ကျန်ရှိတော့ပြီး စစ်ကောင်စီတပ်နဲ့ စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။
CJ-014
#MekongNews
#နမ့်ခမ်းမြို့
#TNLA
#စည်ပင်သာယာ








