မဲခေါင်၊ နိုဝင်ဘာ ၁၀
အဂတိမှုတွေနဲ့ စစ်ဆေးခံနေရတဲ့ စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ကို နိုင်ငံကူးလက်မှတ်လုပ်ပေးရာမှာ တံစိုးလက်ဆောင်ယူခဲ့တယ်ဆိုပြီး ထောင်ဒဏ် ၅ နှစ်ချမှတ်တယ်လို့ စစ်ကောင်စီမီဒီယာတွေက ဒီနေ့ထုတ်ပြန်ပါတယ်။
ဒု ဗိုလ်ချုပ်ကြီး စိုးထွဋ်ကို နိုင်ငံကူးလက်မှတ်လုပ်ပေးရာမှာ ငွေကြေးယူတယ်လို့ စွပ်စွဲခဲ့တဲ့အပြင် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းတွေကို ကျော်လွန်လုပ်ဆောင်တယ်လို့ ဆိုကာ ဒီနေ့မှာ စစ်တရားရုံးနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်မှာ အရပ်ဘက်ရာထူးကနေ အနားပေးပြီး စစ်ဘက်တာဝန်တွေကို ပြန်လည်ထမ်းဆောင်စေဖို့ စစ်ကောင်စီက အမိန့်ထုတ်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာ ဒု ဗိုလ်ချုပ်ကြီးစိုးထွဋ်ကို အဂတိလိုက်စားမှုတွေနဲ့ စစ်ဆေးနေတယ်ဆိုပြီး လူမြင်ကွင်းရှေ့မှ ပျောက်နေပြီးမှ ဒီနေ့မှာတော့ ထောင် ၅ နှစ် ချမှတ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်တာပါ။
ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်မှာ သား ၃ ယောက်ရှိပြီး ပြည်ထဲရေးဝန်ကြီးဌာနရဲ့ တင်ဒါတွေကို သားဖြစ်သူ ကုမ္ပဏီတွေထံ လုပ်ပိုင်ခွင့် ချပေးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ပြီးနောက်မှာ ဇနီးဖြစ်သူ ဒေါ်လာနီလာစိန် အပါအဝင် သား ၂ ယောက်ကို ပါ စစ်ဆေးခဲ့တာပါ။
စစ်ကောင်စီရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာတော့ ဒီလာဘ်စားမှုမှာ ပါဝင်တဲ့သူတွေဖြစ်တဲ့ ရဲနဲ့ အရပ်ဘက်ဆိုင်ရာတွေကို ဆက်လက်အရေးယူသွားမယ်လို့ ထုတ်ပြန်ပါတယ်။
ဒု ဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရင်းနှီးသူဖြစ်ပြီး မင်းအောင်လှိုင် ကိုယ်ပွားလို့ စစ်တပ်တွင်းမှာ တင်စားခံရသူ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကိုလည်း အဂတိလိုက်စားတယ်လို့ ဆိုကာ အောက်တိုဘာလအတွင်းမှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းနဲ့ ညီမျှတဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ထားပါတယ်။
#MeKongNews
#စိုးထွဋ်
#စစ်ကောင်စီ
#မင်းအောင်လှိုင်
#ထောင်
#ငါးနှစ်








