မူဆယ်ဘက်ကနေ ပြည်တွင်းကို သယ်ဆောင်မယ့် ကမ်းကူးကားတွေ ဝမ်ပုံဆိပ်မှာ တစ်ရက်ကို အစီး ၅၀ ကနေ ၁၀၀ ကြားရှိ
လမ်းကြေးတောင်းတဲ့ စစ်ကောင်စီဝန်ထမ်းတွေ နေ့စဉ်တွက်ချေကိုက်နေ
မဲခေါင်၊ ဇန်နဝါရီ ၁၀
မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်ကနေ တင်သွင်းခွင့်လိုင်စင်ရရှိထားတဲ့ စက်ယန္တရားတွေကို ဝမ်ပုံဆိပ်ကနေ တင်သွင်းခွင့်ပြုထားသလို လိုင်စင်မဲ့ကမ်းကူးကားတွေလည်း တစ်ရက်ကို အစီးရေ ၅၀ ကနေ ၁၀၀ ကြားပုံမှန်နီးပါးလောက်ကို ဝင်ရောက်နေတယ်လို့ သိရပါတယ်။
လိုင်စင်မဲ့ ကမ်းကူးကားတွေကို ပြည်တွင်းသို့သယ်ဆောင်ရာမှာ ပေးရတဲ့ လမ်းကြေးများပြားလွန်းတာကြောင့် သယ်ဆောင်သူတွေထက် လမ်းကြေးတောင်းတဲ့ စစ်ကောင်စီဝန်ထမ်းတွေက ပိုပြီးတွက်ချေကိုက်တယ်လို့ လိုင်စင်မဲ့ကမ်းကူးကား သယ်ဆောင်သူ ကယ်ရီသမားတွေဆီက သိရပါတယ်။
ကမ်းကူကားသယ်ဆောင်ရာမှာ တာချီလိတ်-ကျိုင်းတုံ-နမ်စန်-လွိုင်လင်-တောင်ကြီးအထိ ၃၈၁မိုင် ပြည် ထောင်စုလမ်းမ လမ်းကြောင်းနဲ့ တာချီလိတ်-မိုင်းဆတ်-မိုင်းတုံ- တာဆန်း- မိုင်းပန်-နမ့်စန်-လွိုင်လင်-တောင်ကြီး အထိ ၃၂၂ မိုင် လမ်း ကြောင်းတွေအတိုင်း တောင်ကြီးအထိသယ်ဆောင်တာဖြစ်ပြီး ပထမလမ်းကြောင်းမှာဂိတ်မျိုးစုံ ၄၀ ကျော်ရှိနဲ့ ဒုတိယလမ်းကြောင်းမှာ ဂိတ်မျိုးစုံ ၂၇ ဂိတ်ရှိပါတယ်။
“ တစ်ဂိတ်ချင်းစီ အတိအကျ ပြောနိုင်တယ် တောင်ကြီး ကျိုင်းတုံ အသွားအပြန် အစိုးရဝန်ထမ်းဆိုလို့ ကျောင်းဆရာ၊ ဆရာဝန်၊ မီးသတ်ပဲ လမ်းပေါ်မတက်တာ၊ ကျန်တဲ့ဝန်ထမ်း အကုန်လုံး၊ လွိုင်လင်ဆို ထွေအုပ်ကအစ တောင်းတာ” လို့ ကမ်းကူကားသယ်ဆောင်တဲ့ ကယ်ရီသမားတစ်ဦးက ပြောပါတယ်။
ကျောင်းဆရာ၊ဆရာမ၊ ဆရာဝန်နဲ့ မီးသတ်ကလွဲလို့ စရဖ၊ မူးယစ်၊ ထွေအုပ်၊ ယာဉ်ထိန်း၊ စစ်သား၊ GE၊ သစ်တော၊ လဝက၊ ကာစတန် ၊ နယ်ထိန်း ၊ ရဲမျိုးစုံ အစရှိတဲ့ စစ်ကောင်စီဝန်ထမ်းတွေအားလုံးနီးပါး လမ်းပေါ်တက်ပြီး လမ်းကြေးတောင်းကြတယ်လို့ ကယ်ရီသမားကပြောပါတယ်။
သူက “ တလမ်းလုံး ဘောင်းဘီရှည်နဲ့ လမ်းဘေးရပ်နေရင်ကို ပေးဖို့ပြင်နေရပြီ”လို့ ပြောပါတယ်။
ကမ်းကူးကား သယ်ဆောင်ရာလမ်းတလျောက်မှာ တာကော်တံတား စုပေါင်းဂိတ်နဲ့ မိုင်းတုံ-တာဆန်းကြားမှာတောင်းတဲ့ ငွေပမာဏအများဆုံးဖြစ်ပေမယ့် တာကော်ဂိတ်ထက် မိုင်းတုံနဲ့တာဆန်းကြားမှာ မိုင်းတုံနယ်ထိန်းကုလားဆိုသူ တောင်းတဲ့ငွေပမာဏက အများဆုံးလို့ပြောပါတယ်။
“ အဲနယ်ထိန်းအဆိုးဆုံး၊ အနည်းဆုံး ငါးသိန်းလောက်ကိုတောင်းတာ၊ သူက parado လိုင်စင်ကားနဲ့ ကို မိုင်းတုံအထွက် ၉မိုင်ရွာလောက်မှာ စောင့်တောင်းတာ၊ အခြား သစ်ကားဘာညာတွေလည်း သူနဲ့ပဲညှိနေကြတာ”လို့ ကယ်ရီသမားက ပြောပါတယ်။
ကယ်ရီသယ်ဆောင်ခအဖြစ် Probox၊ Hijet လိုအနိမ့်ကားတွေ အနည်းဆုံး ၁၈ သိန်းရပြီး အမြင့်ကားတွေက ၁၈ သိန်းအထက်ရပေမယ့် လမ်းကြေးများလွန်းတာကြောင့်အများဆုံး ကျပ်နှစ်သိန်းပဲကျန်ပြီး အများအားဖြင့် ကျပ်နှစ်သိန်းအောက်သာကျန်တယ်လို့ ပြောပါတယ်။
MK-012
#MeKongNews








