မဲခေါင်၊ နိုဝင်ဘာ ၁၁
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ကနေ တရုတ်နိုင်ငံအတွင်း မူဆယ်၊ဆင်ဖြူဂိတ်သို့ ကျယ်ဂေါင်ဂိတ်ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းကသာ ကုန်ပစ္စည်း တွေအားလုံး ဝင်ထွက်ရမယ်လို့ ရွှေလီမြို့ ပြည်သူ့အစိုးရ ဂိတ်ဆိုင်ရာရုံးခန်းက ကြေညာထားတယ်လို့ သိရပါတယ်။
ယင်းကြေညာချက်ကို မြန်မာ၊ တရုတ် နှစ်ဘာသာနဲ့ရေးသားဖော်ပြထားပြီး ဒီနေ့ (နိုဝင်ဘာ၁၁) ပေကျင်းစံတော်ချိန် မနက်၈နာရီ (မြန်မာစံတော်ချိန် မနက်၆နာရီခွဲ)က စတင်တယ်လို့ သိရပါတယ်။
ဂိတ်အနေအထားအရ လုပ်ငန်းသုံးမဟုတ်တဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေ(ခရီးသည်တင်ကား၊ ဆိုင်ကယ်၊ သုံးဘီး၊ လက်တွန်း လှည်း ) ကုန်စည်တွေကို ဖြတ်သန်းသွားလာခွင့်မပြုတဲ့လမ်းကြောင်းတွေကတစ်ဆင့် နိုင်ငံတွင်းသို့ သယ်ဆောင်ခွင့်မပြုပါလို့ ကြေညာချက်မှာ ပါရှိပါတယ်။
“ကုန်တွေကိုကြပ်ပြီး ခုက သယ်တဲ့ လမ်းကြောင်းကိုပါကြပ်လာတာ၊ ဆင်ဖြူပေါက်ကိုကြပ်ပြီး မန်ဝိန်းဘက်ကို ဖွင့်မယ့်သဘောလားမသိဘူး၊ ခုက လူကိုပဲပေးဖြတ်တယ်၊ မန်ဝိန်းကကုန်ကားတွေပဲ အရင်က အဝင် အထွက်ရှိတာ ခုထိတော့ ဆင်ဖြူဂိတ်ကြပ်သလို မန်ဝိန်းလဲအတူတူပဲ၊ အဝင်ကုန် ဘာမှမရဘူး’လို့ မူဆယ်ဒေသခံ၁ဦးက ပြောပါ တယ်။
မကြာသေးခင် ရက်ပိုင်းကပင် တရုတ်ဘက်က စက်သုံးဆီ၊ လျှပ်စစ်ပစ္စည်း၊ အိမ်သုံးပစ္စည်း၊ လူသုံးကုန်၊ ဆေးဝါး၊ ဆိုင်ကယ်နဲ့ ဆိုလာ၊မီးသီးမီးလုံး၊ ဘိလပ်မြေလို ဆောက်လုပ်ရေးပစ္စည်းတွေကို သယ်ယူခွင့်ပိတ်ပင်ခဲ့ပြီး မန်ဝိန်းပေါက်ကလည်း အဲ့ပစ္စည်းတွေသယ်ယူခွင့်မရဘူးလို့ သိရပါတယ်။
လက်ရှိ တရုတ် – မြန်မာ နယ်စပ်ဂိတ်တွေမှာ လူတစ်ဦးကို စျေးတစ်ခြင်းစာနှုန်းနဲ့သာ စျေးဝယ်ခွင့်ရနေတာလို့ သိရပါတယ်။
“သူတို့ကသာ တရားဝင် လမ်းကြောင်း ဘာညာပြောနေတာ ၊ သူတို့လိုချင်တဲ့ မှောင်ခိုသစ်၊ကျောက်စိမ်း၊အင်ကြင်းကျောက် တွေကို ခိုးပေါက်က သွင်းနေတာ၊ ပြီးတော့ တရုတ်လုပ်မော်တော်ဆိုင်ကယ်တွေ အစီးရေ သန်းဂဏန်းအထိလဲ ခိုးလမ်းကပဲပို့နေတာ” လို့ နိုင်ငံရေးအကဲခတ်တစ်ဦးကပြောပါတယ်။
အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ အသီးအရွက်တို့မှာပြည်တွင်းထွက်ကုန်စည်ဖြစ်လို့ ငတ်ပြတ်မဲ့ နိုင်ငံမဟုတ်ပေမယ့် ဆေးဝါးနဲ့ စက်သုံးဆီလိုအပ်ချက်သာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေတာကို နိုင်ငံသားအချင်းချင်းဖေးကူပြီးကျော်လွှားဖို့သာလိုတယ်လို့ဆိုပါတယ်။
လက်ရှိမှာ တရုတ်အစိုးရဟာမြန်မာနိုင်ငံနဲ့ဆက်စပ်နေတဲ့ တရုတ်နိုင်ငံယူနန်ပြည်နယ်က နယ်စပ်ဂိတ်အားလုံးလိုလိုကို ပိတ်ထားကာတိုင်းရင်းသားတော်လှန်ရေးတပ်တွေကို ဖိအားပေးနေတာဖြစ်ပါတယ်။
MK – 012








