မဲခေါင်၊ အောက်တိုဘာ ၃၁
ရှမ်းပြည်တောင်ပိုင်းထွက် နံသာဖြူ၊ နီတွေ ပြည်ပစျေးကွက်မှာ စျေးကောင်းရနေပေမယ့် တရားဝင် ထုတ်လုပ်လိုင်စင် သီးသန့်မထုတ်ပေးတာကြောင့် စိုက်တောင်သူတွေအနေနဲ့ မှောင်ခိုဈေးကွက်ကနေ ပြည်ပတင်ပို့နေရတယ်လို့ သိရပါတယ်။
နံသာဖြူ/နီ အထွက်အများဆုံးဖြစ်တဲ့ ပင်းတယနယ်ဘက်ကနေ စျေးကွက်ဆီ တရားဝင်ပို့ဖို့ လိုအပ်နေတာဖြစ်ပြီး စိုက်ပျိုးထားသမျှကို မှောင်ခိုဈေးကွက်ကနေ တင်ပို့နေရတယ်လို့ စိုက်ပျိုးထုတ်လုပ်သူတွေက ပြောပါတယ်။
“စိုက်သလောက် အကျိုးရှိပြီး ဝင်ငွေလဲများတယ်၊ ပြည်ပစျေးကွက်လည်း အမြဲရှင်သန်နေတယ်၊ ဒါပေမယ့် လုံးဝ စိတ်မကောင်းစရာက ရိုးရိုးသားသား ရောင်းဝယ်ဖောက်ကားနေကြပြီး မှောင်ခိုသမားတွေ ဖြစ်မှန်း မသိ ဖြစ်နေကြရရှာတယ်ဗျာ၊”လို့ စိုက်ပျိုးရေးခြံပိုင်ရှင်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့က လားရှိုးမှာ တစ်ပင်တည်း အချင်း၉လက်မ၊ အမြင့် ၅ပေ ၃ဖြတ် ကို ကျပ်၇၅ သိန်းနဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
သယ်ယူခကတော့ မန္တလေးကနေ မြစ်ကြီးနားအရောက် ကုန်ချိန် တစ်တန်ကို ကယ်ရီကျပ်သိန်း၁၀၀ရှိနေတယ်လို့ သိရပါတယ်။
နိုင်ငံတွင်း ထွက်နှုန်းက ၁ လကို တန် ၃၀ လောက် အိမ်ဝန်းနဲ့ စိုက်ခြံတွေက ၉၅%ထွက်နိုင်ပြီးလက်ရှိ နံ့သာဖြူ ၁ တန်ကို အနိမ့်ဆုံးကျပ်သိန်း ၃၀၀ က ၆၀၀ နဲ့ အမြင့်ဆုံး ၁၈၀၀ ကနေသိန်း ၃၀၀၀ လောက်အထိရှိတယ်လို့ ဆိုပါတယ်။
နံ့သာဖြူ၊နီ စိုက်ခင်းထဲကနေ ထုတ်တဲ့အခါ ဘောင်ဝင် တန်းဝင်ဖြစ်စေဖို့ ၊ နံ့သာဖြူ က ပေအရှည် ၃/ ၆ ပေ ဆိုဒ်၊ နံ့သာနီက ၇ ပေဆိုဒ်ဖြစ်ပြီး နံ့သာနီ အတွက် ၁၅ နှစ်ဝန်းကျင်မှာ အချိန်ကာလ စောစော ထုတ်ယူဖို့ စဉ်းစားမယ်ဆိုရင် ၇ ပေ ၂ ဖြတ် ၁၄ ပေ အရှည်မှာ ဖြတ်နိုင်သလို အချိန်ယူထုတ်မယ် ဆိုရင်တော့ ၂၁ ပေ အမြင့်မှာ ခေါင်ဖြတ်လို့ ရပြီး နံ့သာဖြူ အတွက်ဆိုရင် ၆ ပေ ၂ ဖြတ်လား ၊၃ ပေ ၅ ဖြတ်လား စဉ်းစားပြီး ခေါင်နှိမ် ထားလို့ရတယ်လို့ သိရပါတယ်။
အဓိကတော့ အဆွေး အပြစ်၊ အနာ၊ အဆာလွတ် အနှစ်ပိဿာချိန်က စျေးကောင်းရတာလို့ သိရပါတယ်။
ပြည်တွင်းစျေးကွက်မှာ စိုက်ဧက ၂၅၀၀နဲ့ ၃၀၀၀ ကြားရှိနိုင်ပြီး အနယ်နယ် အရပ်ရပ်က အပင်ဝယ်တူးတဲ့သူနဲ့ရောင်းဝယ်ဖောက်ကားသူ ဦး ၆၀ ဝန်းကျင်ပဲ ရှိနေတယ်လို့ဆိုပါတယ်။
အဆီထုတ်တာ အဓိကဖြစ်ပြီးဝယ်လိုအားကောင်းလို့ စိုးရိမ်စရာမရှိတဲ့စျေးကွက်ဖြစ်လို့လက်ရှိမှာအိန္ဒိယက တောင် မြန်မာ့ နံ့သာဖြူ ကို ပြန်ဝယ်နေကာ တရုတ်၊ ထိုင်း ၊ မလေးရှားနိုင်ငံတွေကို ပို့နေရတယ်လို့ သိရပါတယ်။
Photo-crd
MK-012








