မဲခေါင် ဇွန် ၁၆
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ စံကားမြို့အနီး လုံကန်ကျေးရွာဈေးကို ဇွန်လ ၁၂ ရက်နေ့က စစ်ကောင်စီတပ်တွေ လာရောက်စစ်ဆေးခဲ့တာကြောင့် ရောင်းချရမယ့် ဈေးနှုန်းတွေ လာရောက် သတ်မှတ်မှာကို စိုးရိမ်နေရတယ်လို့ ဈေးသည်တွေက ပြောပါတယ်။
စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ်(PNA) ပူးပေါင်းတပ်တွေဟာ ၅ ရက် တစ်ဈေးရောင်းချနေတဲ့ လုံကန်ဈေးမှာ ဈေးဆိုင်တစ်ဆိုင်ချင်းမှာ ရောင်းချနေတဲ့ဈေးနှုန်းတွေကို မှတ်တမ်းယူခဲ့ပြီး လာမယ့် ဇွန်လ ၁၇ ရက်နေ့မှာ ကျရောက်မယ့်ဈေးနေ့မှာ နောက်တစ်ကြိမ် ထပ်လာဦးမယ်လို့ ပြောဆိုခဲ့တာကြောင့် ဈေးသည်တွေဘက်က စိုးရိမ်နေရတာလို့ ဆိုပါတယ်။

“ဆေးတစ်ခုချင်းကို အသေးစိတ်မေးတာ။ ဈေးဝယ်ကိုလည်း မေးသေးတယ်၊ သူက အဲဈေးနဲ့ရောင်းတာ ဟုတ်လားတဲ့။ ကျမတို့လည်း လန့်တယ်လေ။ အွန်လိုင်းမှာ ပါလာသလို ဘယ်လောက်ဈေးနဲ့ ရောင်းရမယ်ဆိုတာမျိုး လိုက်အော်နေရင်ကျမတို့ သေပြီလေ” ဈေးအတွင်း ဈေးဆိုင်ဖွင့်ထားသူ တစ်ဦးက လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က လာရောက် စစ်ဆေးတဲ့ အချိန်မှာ ဈေးသည်တချို့ဟာ ကြောက်ရွံ့ထိတ်လန့်ကာ ဆိုင်ပိတ်သိမ်းထားကြပြီး လာမယ့်ဈေးနေ့မှာလည်း ရောင်းချမယ့်ဈေးသည် နည်းပါးနိုင်တာကြောင့် ဈေးသည်တွေအတွက် ဝင်ငွေထိခိုက်နိုင်မယ့်အပြင် ဈေးဝယ်တွေအတွက်လည်း ဝယ်ခြမ်းရတာ အခက်အခဲဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီ၊ PNA ပူးပေါင်းတပ်တွေဟာ လက်နက်ခဲယမ်းအပြည့်အစုံ ကား ၃ စီးနဲ့ လာရောက်ပြီးနောက် ရွှေဆိုင်တွေကို အချိန်တော်တော်ကြာတဲ့အထိ စစ်ဆေးခဲ့တယ်လို့ ဈေးသည်တွေဆီက သိရပါတယ်။
“သေနတ်တကားကားနဲ့ ဝင်လာတော့ တော်တော်လန့်သွားတာ။ တော်နေကြာ ရောင်းဈေးများလို့ သိမ်းမယ်ဆို ဘယ်လိုလုပ်မလဲ။ မဖွင့်ဘဲလည်း နေလို့မရ။ မဖွင့်ရင်လည်း ဘာလို့မဖွင့်တာလဲ လာဦးမယ်လေ။ ဥပဒေက သူတို့ပါးစပ်ထဲမှာပဲ ရှိတာ” လို့ ရွှေဆိုင်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။
လုံကန်ဈေးနဲ့ နီးစပ်တဲ့ စံကားဈေးမှာလည်း ဇန်နဝါရီ ၁၉ ရက်နေ့တုန်းက ဈေးသည်တွေရဲ့ စက်လှေနဲ့ ကားတွေကို PNA တပ်တွေက PDF တွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲကာ သိမ်းဆည်းခဲ့ဖူးတာကြောင့် လုံကန်ဈေးသည်တွေလည်း အခုလို ထပ်ကြုံရမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
လုံကန်ဈေးအနီး ဂျာမဏီလမ်းမှာ ဇွန် ၁၅ ရက်နေ့ နေ့လယ်ပိုင်းလောက်က စစ်ကောင်စီ၊ PNA ပူးပေါင်းတပ်တွေနဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ၂ ဖက်အကျအဆုံး စာရင်းကိုတော့ မဲခေါင်သတင်းဌာန အနေနဲ့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
MK-014








