မဲခေါင်၊ ဇူလိုင် ၁
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့မှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ စစ်ကောင်စီတပ်တို့အကြား လက်ရှိချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပြီး မြို့ခံပြည်သူ အများစုဟာ ပိတ်မိနေကြတယ်လို့ စုံစမ်းသိရပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်တဲ့ ဇွန်လ ၂၅ ရက်နေ့တည်းက မိုးကုတ်မြို့တွင်း နေရာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်နေပြီး ဖုန်းနဲ့ အင်တာနက်လိုင်း တချို့လည်း ဖြတ်တောက်ခံထားရတာကြောင့် မြို့ခံတွေအတွက် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
“ အူရီဒူးပဲ ရတော့တယ်။ ဒါတောင် တချို့နေရာတွေပဲ။ Wifi ကတော့ မပြတ်သေးဘူး။ ပိုက်ဆံရှိတဲ့သူတွေက ကျဉ်းတွေ တူးထားကြတယ်။ အချိန်မရွေးလည်း ရှောင်လို့ရတယ်။ အခြေခံ လူတန်းစားတွေအတွက်ကတော့ စိုးရိမ်ရတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
လတ်တလော တိုက်ပွဲအခြေအနေတွေအရ မိုးကုတ် – မန္တလေးလမ်းကို ပိတ်ထားပြီး တိမ်းရှောင်လိုသူတွေ အနေနဲ့ လက်ပံလှအထိသာ သွားလာလို့ ရတာကြောင့် ပိတ်မိနေကြတယ်လို့ သိရပါတယ်။
![](https://mekongnewsmm.com/wp-content/uploads/2024/07/signal-2024-07-01-155422_008.jpeg)
![](https://mekongnewsmm.com/wp-content/uploads/2024/07/signal-2024-07-01-155422_007-768x1024.jpeg)
![](https://mekongnewsmm.com/wp-content/uploads/2024/07/signal-2024-07-01-155422_006-1024x927.jpeg)
စစ်ကောင်စီတပ်ဘက်က ဒီနေ့ ဇူလိုင် ၁ နေ့လည် ၁ နာရီမှာ လမ်းပြန်ဖွင့်ပေးမယ်လို့ ပြောဆိုထားတာကြောင့် ကားအစီးရေရာချီ တန်းစီစောင့်ဆိုင်းနေပေမယ့် လတ်တလောအချိန်ထိ ထူးခြားလာတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။
“ လိုင်းပေါ်မှာ ရှောင်ကြပါ၊ မဆင်းကြပါနဲ့။ တခြားမှာ ရှောင်စရာ အမျိုးလည်း မရှိပါဘူး။ ရေရှည်နေပြီး လုပ်ကိုင်စားသောက်ဖို့လည်း အရင်းနှီး မရှိသူတွေ အများကြီးပါ။ မရှောင်နိုင်တဲ့သူတွေ အတွက်တော့ မြို့သိမ်းပြီးမှ ပြည်သူ့ရဲဘော်တွေကို ကြိုဆိုရမှာပေါ့” လို့ မြို့တွင်း ကျန်ရှိနေသူ တစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့ စစ်ဆင်ရေး တစ်ပတ်တာအတွင်း စစ်ကောင်စီရဲ့ ဒေါ်နန်းကြည်တောင်၊ ဗျူဟာစခန်းကုန်း၊ ရွာသာစခန်း၊ ၆ မိုင်၊ ရွှေသာယာ၊ ပန်းသပြေ၊ ဖြူရောင်ကုန်း၊ ကျပ်ပြင်ရဲစခန်းတို့ကို TNLA က သိမ်းပိုက်ထားပါတယ်။
စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သံဃာတော် ၅ ပါးထက်မနည်း၊ အရပ်သား ၁၀ ဦးကျော် ထိခိုက်သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
MK-014